မုန်တိုင်းငယ်အရှိန်ကြောင့် မကွေးတိုင်းတွင် လေပြင်းတိုက်လို့ အိမ်အချို့ ပျက်စီး
DVB
·
May 30, 2018
မုန်တိုင်းငယ်အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်မှာ ဒီကမနေ့ မနက် အစောပိုင်းက လေပြင်းတိုက်ခတ်ပြီး ကျေးရွာ ၇ ရွာက နေအိမ် ၆၀ လောက် အမိုးလန်ပျက်စီး သွားပါတယ်။
ကြာကန်ကျေးရွာအုပ်စု ကြာကန်ရွာမှာ ၂၆အိမ်၊ ကြူချောင်းရွာမှာ ၁၃အိမ်၊ ကြူသစ်ရွာမှာ ၈အိမ်၊ ရွာသစ်ရွာမှာ ၁၀အိမ်၊ လေးအိမ်ရွာ ၃ အိမ်၊ ပုဂံမျှော်မှာ ၇ အိမ် စုစုပေါင်း ၆၇ အိမ် အမိုးလန် ပျက်စီးခဲ့တယ်လို့ ကြာကန်ရွာက ဦးဇော်မင်းထိုက်က ပြောပါတယ်။
“ညက စတိုက်တာက အစောကြီး ၅ နာရီလောက်က စတိုက်တာ။ တကယ့်အများကြီး ဖြစ်သွားတာက ည ၁၂ နာရီနောက်ပိုင်းပေါ့နော်။ ကြာကန်ကျေးရွာမှာဆိုရင် အိမ်ခြေ ၁၀ ဂဏန်းလောက်ဖြစ်တဲ့အပြင် သစ်ပင်ကြီးတွေလဲတယ်။ အဲဒီသစ်ပင်ကြီးတွေကို ကျနော်တို့ ရပ်ရွာမှာရှိတဲ့လူငယ်တွေနဲ့ ခုတ်ထစ်ပြီးတော့သွားလာရေးအတွက် ဆင်ပြေအောင် လုပ်ပေးနေ ပါတယ်”
ပျက်စီးခဲ့တဲ့အနေအိမ် ၆၇ လုံးထဲက ၃ လုံးမှာ လုံးဝ ပြိုကျပျက်စီးခဲ့သလို သစ်ပင်တချို့ ပြိုလဲ သွားခဲ့ပေမယ့် လူတွေ ထိခိုက် သေဆုံးတာ မရှိဘူးလို့ ပြောပါတယ်။ ပခုက္ကူမြို့နယ်ဘက်မှာလည်းလေပြင်းတိုက်ခိုက်မှုတွေရှိနေပြီး ပျက်စီးမှုအတိအကျ မသိရသေးပါဘူး။
ကုန်းတွင်းမုန်တိုင်းငယ်ဟာ မုံရွာမြို့ရဲ့ အရှေ့မြောက် ဘက်(၁၀)မိုင်ခန့်၊ မန္တလေးမြို့ရဲ့ အနောက်မြောက်ဘက် မိုင် (၄၀)ခန့်၊ ရွှေဘိုမြို့ရဲ့ အနောက် တောင်ဘက် မိုင်(၃၀)ခန့်၊ မြင်းခြံမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် မိုင်(၄၀)ခန့် အကွာမှာ ဆက်လက်ရှိနေတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။