DVB Logo
Home
မြန်မာသတင်း
ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး အပါအ၀င် သွင်းအားစုများ အခွန်ကင်းလွတ်ခွင့်ပြု
DVB
·
June 28, 2012
ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး အပါအ၀င် သွင်းအားစုများ အခွန်ကင်းလွတ်ခွင့်ပြု
Donate to DVB

ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး အပါအ၀င် လယ်ယာသုံး ကိရိယာ စက်ပစ္စည်း တင်သွင်း ထုတ်လုပ် ရောင်းချမှုအပေါ် သက်ဆိုင်ရာက အခွန်ကင်းလွတ်ခွင့် ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီး  ပြည်ပက တင်သွင်းတဲ့ လယ်ယာနဲ့ ဆက်စပ်သွင်းအားစုပစ္စည်းတွေ အပေါ်  ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ၉ လကြာ အခွန်ကင်းလွတ်ခွင့် ပြုလိုက်ကြောင်း ဒီနေ့ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာ ကြေညာလိုက်ပါတယ်။

အခွန်ကင်းလွတ်ခွင့် ပြုလိုက်တဲ့အထဲမှာ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ လယ်ယာသုံး ကိရိယာတွေနဲ့ လယ်ယာသုံး စက်ပစ္စည်းတွေ ပါဝင်ပြီး အဲ့ဒီ ပစ္စည်းတွေကို  ပြည်ပက တင်သွင်းတာ အပြင် ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချတာကိုလည်း အခွန်ကင်းလွတ်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

အခွန်ကင်းလွတ်ခွင့်ပြုမယ့် အချိန်ကာလကတော့ အခုနှစ် ဇူလိုင် ၁ ရက်ကနေ လာမယ့် ၂၀၁၃ ခုနှစ် မတ် ၃၁ ရက်ထိ ၉ လကြာမြင့်မှာ ဖြစ်ပါတယ်။

အစိုးရက အခုလို အခွန် ကင်းလွတ်ခွင့် ပြုလိုက်တာကို ကြိုဆိုလိုက်ပြီး သွင်းအားစုတွေနဲ့ ပတ်သက်ပြီး လုပ်ပေးဖို့ လိုတာတွေ ရှိသေးတဲ့အကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဗဟို အလုပ် အမှုဆောင် ဒေါက်တာ စိုးထွန်းက အခုလို ပြောပါတယ်။

“ကုမ္ပဏီတွေအနေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ဖြစ်တော့ ကုမ္ပဏီတိုက်ရိုက် မဟုတ်ရင်တောင်မှ ရောင်းချတဲ့ ဈေးဆိုင်တွေ အနေနဲ့က ၀ယ်လိုအားနဲ့ ရောင်းလိုအားပေါ့။ ဈေးကွက်ထဲက ကုန်ပစ္စည်း တက်တဲ့အပေါ်မူတည်ပြီး ဈေးအနည်း အတက်အကျမှာတော့ ရောင်းရတာမျိုးရှိတယ်။ ဒါကြောင့် အခုလက်ရှိ အခွန်လျှော့ချတာအပြင်ကို နောက်တခု လုပ်ပေးစေချင်တာက အစိုးရအနေနဲ့ ဒါကိုစီမံပြီးတော့ အဖွဲ့ဈေးပဲဖြစ်ရင်ဖြစ်မယ်။ အများပိုင်ကုမ္ပဏီဖြစ်ရင် ဖြစ်မယ်။ ဒါမှမဟုတ် အသင်းအဖွဲ့ သမ၀ါယမဖြစ်ရင် ဖြစ်မယ်။ ဒီလိုမျိုး စုဖွဲ့ပြီးတော့ တင်သွင်းရောင်းချပေးမှ ၀ယ်လိုအားနဲ့ ရောင်းလိုအား တည်ငြိမ်မှုရပြီး တောင်သူတွေအတွက်ကို ပိုပြီး သက်သာမှုရမယ်လို့ ထင်ပါတယ်။”

ဒီလထဲမှာပဲ အစိုးရက မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေတွေကို ၁ ဧက ကျပ် ၅ သောင်းနှုန်းထိ တိုးမြှင့်ပြီး ထုတ်ချေးပေးမယ့်အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါသေးတယ်။

အစိုးရက အခုလို စိုက်ပျိုးစရိတ်ချေးငွေ တိုးပြီးချေးပေးမယ် ဆိုပေမယ့် တောင်သူတွေ အနေနဲ့ အရင်အကြွေးတွေ မကျေသေးဘဲ အခက်တွေ့နေကြတယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“တောင်သူတွေနဲ့ ပြီးခဲ့တဲ့ ၂ ပတ်လောက်က ဓနုဖြူ မြို့နယ်မှာ တွေ့ဆုံဆွေးနွေးပွဲ တခု လုပ်ခဲ့ပါတယ်။ တောင်သူတွေ သူတို့အကြွေးတွေ မကျေဘဲ ဘာကြောင့်များ ဒုက္ခရောက်နေလဲ ဆိုတာကို ဆွေးနွေးကြည့်တဲ့အခါကျတော့ အဓိက ပြဿနာက မြန်မာပြည်မှာ ဆန်စပါးဈေး ကျဆင်းတဲ့ဟာ ဖြစ်နေတယ်။ ကမ္ဘာ့ဈေးကွက်မှာ ၂၅ ကနေ ၃၀ ရာခိုင်နှုန်းထိ ဈေးကျတော့ မြန်မာပြည်မှာလည်း ၂၅ ကနေ ၃၀ ရာခိုင်နှုန်းလောက် အထိ ထိုးကျသွားတယ်။ ဒီနှစ်က ရာသီဥတု ဖောက်ပြန်မှု ရှိနေတော့ စပါးအထွက်နှုန်းက ဒီ ၅ နှစ်အတွင်းမှာ အနိမ့်ကျဆုံး ရှိနေတယ်။ စပါးအထွက်နှုန်းကျပြီး ဆန်ဈေးက မရဘူး။ လယ်ယာလုပ်သားရှားပါးမှုကြောင့် အလုပ်သမားခက တက်သွားတယ်။ အဲဒါတွေ သွားဆုံတော့ လယ်သမားတွေက ထွက်လာတဲ့စပါးကို ရောင်းတဲ့အခါမှာ ၀ယ်မယ့်သူက မရှိတော့ ဈေးကလည်း မရဘူး။ အဲဒီတော့ အကြွေးမဆပ်နိုင်တော့ အကြွေးမကျေတဲ့ဘ၀ ဖြစ်နေတယ်။ လက်ရှိ တောင်သူတွေရဲ့ အခြေအနေတွေက ဒုတိယနာဂစ်လို့တောင် ကျနော်တို့က သုံးသပ်တယ်။ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်။ မကူညီဘူးဆိုရင် ၇၀ ရာခိုင်နှုန်းလောက်ရှိတဲ့ တောင်သူလယ်သမားတွေက လာမယ့် မိုးစပါးမှာ အခက်အခဲတွေ ရှိနေပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013