DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးဦးအောင်မင်းနှင့်အဖွဲ ပြည်ပရောက်အဖွဲ့များနှင့် ဆွေးနွေး
DVB
·
June 28, 2012
ဝန်ကြီးဦးအောင်မင်းနှင့်အဖွဲ ပြည်ပရောက်အဖွဲ့များနှင့် ဆွေးနွေး
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ဘန်ကောက်မြို့မှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) တို့ကို ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

ဦးအောင်မင်းအဖွဲ့နဲ့ တွေ့ဆုံရာမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးစဉ်က ဆွေးနွေးချက် တချို့ ပြန်လည် ဆွေးနွေးခဲ့တယ် လို့ အေအယ်လ်ပီ ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။

“အရင်လက်မှတ်ထိုးထားတဲ့ အချက်တွေ အပေါ်မှာ ငြိမ်းချမ်းရေးဆွေးနွေးပြီးတဲ့ အပိုင်းတွေမှာ လွတ်လွတ်လပ်လပ် မရသေးတဲ့ အချက်တွေကို လွတ်လွတ်လပ်လပ် လုပ်လို့ရအောင် ထပ်ပြီး ဆွေးနွေးတာ ရှိတယ်။ ဥပမာ နယ်စပ်ဒေသတွေမှာ ရုံးဖွင့်ခွင့် ကျမတို့ ခွင့်ပြုချက်ရထားတယ်။ ဒါပေမယ့် ပြည်သူတွေက စိုးရိမ်တာ၊ ကြောက်လန့်တာ၊ အိမ်မငှားတာတွေ။ တချို့နေရာတွေ မှာ ထောက်လှမ်းရေးတွေက လိုက်လံပြီး ကြည့်တာတို့ ရှိရင် လုပ်ရကိုင်ရတာ အခက်အခဲ ရှိတာပေါ့။ အဲဒီကိစ္စတွေကို ပြေလည်အောင် ကျမတို့ ဆွေးနွေးတာ ရှိတယ်။ ရခိုင် တ၀ှမ်းလုံးမှာ ဖြစ်စေ၊ မြန်မာတနိုင်ငံလုံးမှာ ဖြစ်စေ၊ လွတ်မြောက်ရေးပါတီက အဖွဲ့ဝင်တွေ အားလုံးကနေပြီး လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်ရဖို့ ဆွေးနွေးကြပါတယ်။”

ဒါ့အပြင် လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခသည်တွေကို ကူညီရေးအတွက် ဆွေးနွေးရာမှာ ၀န်ကြီးအဖွဲ့က လက်ခံကြိုဆိုကြောင်းနဲ့ အေအယ်လ်ပီ အဖွဲ့ဝင်တွေအနေနဲ့ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်အောင် အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ပံ့ပိုးကူညီမှာကြောင်း ဦးအောင်မင်းက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အေအယ်လ်ပီနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့တာဟာ ဒုတိယ အကြိမ်ဖြစ်ပြီး ထပ်မံတွေ့ဆုံဖို့ရှိတယ်လို့ ပြောပါတယ်။

ဦးအောင်မင်းတို့အဖွဲ့နဲ့ တွေ့ဆုံမှုအတွင်း အမျိုးသမီးနဲ့ ဒုက္ခသည်အရေးဆွေးနွေးခဲ့တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ အထွေထွေအတွင်းရေးမှူး မတင်တင်ညိုက ပြောပါတယ်။

“ဒုက္ခသည်တွေနဲ့  ပုန်းအောင်းပြီး နေထိုင်နေရတဲ့သူတွေကို နေရပ်ပြန်ပို့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေက သူတို့နေရပ်ကို ပြန်မယ်ဆိုရင် သူတို့စိတ်ဆန္ဒအရ သူတို့ကိုယ်တိုင် လုံခြုံမှုရှိမှ၊ သူတို့ဘ၀တွေကို ပြန်တည်ဆောက်နိုင်မှ ပြန်ပို့သင့်တယ်ပေါ့။ တတိယအချက် အနေနဲ့ကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်တွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဍမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုတွေကို နှစ်ဖက်လုံးမှာ ရှိနိုင်တဲ့ အနေအထားတခု ကျမတို့က လိုချင်တယ်ပေါ့။ ကျမတို့ လုပ်ဆောင်နေတဲ့ အလုပ်တွေကိုလည်း ကျမတို့ ပြောပြတယ်လေ။ နောက်ဆုံးတခုက လွှတ်တော်တွေမှာ ပါဝင်နေတဲ့ အမတ်အမျိုးသမီးတွေနဲ့လည်း အခုကစပြီး ပုံမှန် ချိတ်ဆက်မှုတွေ ရှိသင့်တယ်ပေါ့ အဲဒါမျိုးတွေလည်းပဲ ၀န်ကြီးတွေ အနေနဲ့ ခွင့်ပြုဖို့ အဲဒီကနေတဆင့် အမျိုးသမီး ညီလာခံပုံစံမျိုးလေး ခေါ်ယူနိုင်တဲ့တခု ဖြစ်ချင်တယ်ပေါ့။ အဲဒီ အမျိုးသမီး ညီလာခံကနေ ထွက်ရှိလာမယ့်ဟာတွေကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်တွေ၊ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေမှာ အမျိုးသမီးတွေက ဘယ်လို အခန်းကဏ္ဍကနေ ၀ိုင်းဝန်း ပါဝင်လာမလဲဆိုတာမျိုးတွေ ထွက်ရှိလာမယ်လို့ ကျမတို့ ထင်တယ်လေ။”

ဦးအောင်မင်းနဲ့ အဖွဲ့ကလည်း အမျိုးသမီးတွေရဲ့ ဆွေးနွေးတင်ပြချက်တွေကို ကြိုဆိုခဲ့ပြီး အမျိုးသမီးအချင်းချင်း ပေါင်းကူးမှုတွေ လုပ်နိုင်အောင်လည်း ဆောင်ရွက်သွားမယ့် အကြောင်း ပြန်လည်း ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)အနေနဲ့ အစိုးရ၀န်ကြီးတွေနဲ့ တွေ့ဆုံတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အမျိုးသမီးတွေကို အခုလို အသိအမှတ်ပြု ဆွေးနွေးတဲ့အပေါ် အပေါင်းလက္ခဏာဆောင်တဲ့ အနေအထား ဖြစ်တယ်လို့ မတင်တင်ညိုက မှတ်ချက်ပေးပါတယ်။

မနေ့ကလည်း ဦးအောင်မင်းတို့အဖွဲ့ဟာ  လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)နဲ့ တွေ့ဆုံရာမှာ လူ့အခွင့်အရေးပညာပေးအဖွဲ့အနေနဲ့ လက်ရှိ အပြောင်းအလဲကာလမှာ ပြည်တွင်းမှာ ပညာပေးမှုတွေကို လုပ်နိုင်တဲ့နည်းနဲ့ လုပ်ဖို့ ၀န်ကြီးက ကြိုဆိုကြောင်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ကျနော်တို့ပြောတာကတော့ လက်ရှိဖွဲ့ထားတဲ့ လူ့အခွင့်အရေး ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေ အားနည်းတဲ့အကြောင်း ကျနော်ထောက်ပြတယ်။ နောက် လူ့အခွင့်အရေး ပညာပေးတယ်ဆိုတာ တဖွဲ့တည်း လုပ်လို့မရဘူး။ လူထု လူတန်းစား အလွှာအသီးသီးရော၊ အစိုးရအရာရှိ၊ အမှုထမ်းအရာထမ်းအားလုံးရော ပညာပေးဖို့ လိုအပ်တယ်။ နိုင်ငံတကာမှာရှိနေတဲ့ လူ့အခွင့်အရေးပညာပေးနေတဲ့သူတွေတင်မကဘဲနဲ့ အဝေးရောက်နေတဲ့ လူ့အခွင့်အရေးပညာပေးတွေနဲ့ပါ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ပိုမိုအကျိုးရှိနိုင်တယ်ဆိုတာ အဓိကထား ပြောပါတယ်။

“သူတို့ဘက်ကလည်း ပွင့်ပွင့်လင်းလင်း ၀န်ခံပါတယ်။ တကယ်တမ်း လုပ်ဆောင်မယ်ဆိုတဲ့အခါမှာ သူတို့ဘက်က စွမ်းရည်မြှင့်တင်ဖို့လိုအပ်တယ်။  နိုင်ငံတကာက စောင့်ကြည့်နေတဲ့ကာလမှာ သူတို့ဘက်ကလည်း တကယ် အမှန်အတိုင်း၊ ပွင့်ပွင့်လင်းလင်း လူ့အခွင့်အရေးအကြောင်း သင်တန်းပေးတာမျိုး လုပ်ချင်တဲ့ ဆန္ဒရှိတယ်ဆိုတာ သူတို့ပြောပါတယ်။ ကျနော်တို့ လူ့အခွင့်အရေးပညာပေးနေသူတွေကို ခွင့်ပြုဖို့။ လုပ်ဆောင်နေတဲ့ အရာတွေကို အမှန်တကယ် အနှောင့်အယှက် မရှိဘဲ လုပ်ဆောင်ခွင့်ပေးဖို့။ နောက်တခါ အစိုးရ အမှုထမ်း အရာထမ်းတွေကြားမှာ လူ့အခွင့်အရေး ပညာပေးလုပ်ဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။ ၀န်ကြီး ဦးအောင်မင်းရော၊ ဦးခင်ရီရော ဒါတွေလုပ်သင့်တယ်ဆိုတာ လက်ခံတယ်။”

ဒါ့အပြင် ၀န်ကြီး ဦးအောင်မင်းအဖွဲ့ဟာ ထိုင်း-မြန်မာ နယ်ခြားကူညီရေးကော်မတီ (တီဘီဘီစီ) နဲ့ တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013