Home
မြန်မာသတင်း
အေအေဖမ်းထားသည့်စစ်သား၃ဦးကို ပြန်ပို့ရန် အိုင်စီအာစီထံ အကူအညီတောင်းခံခြင်းမရှိသေး
DVB
·
May 29, 2018
  အေအေ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဖမ်းဆီးခံထားရတဲ့ တပ်မတော်သား သုံးယောက်ကို ပြန်လည်ပို့ဆောင်ဖို့ကိစ္စ ကြားဝင်ဆောင်ရွက်ပေးဖို့ တရားဝင်အကူအညီတောင်းခံလာတာ မရှိသေးဘူးလို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (အိုင်စီအာစီ)  မြန်မာနိုင်ငံဆိုင်ရာ ဌာနနေ ကိုယ်စားလှယ်က ဒီဗွီဘီ ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် မြန်မာတပ်မတော်  စကခ ၁၅ လက်အောက်ခံ ခလရ၂၆၃ တပ်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနယ်စပ် မှတ်တိုင်  ၆၃ /၆၄ အနီးမှာ မေ၂၀ ရက်က ဖြစ်ပွားတဲ့တိုက်ပွဲမှာ တပ်မတော်သား သုံးဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ အေအေ က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအဖမ်းခံရတဲ့တပ်မတော်သားတွေကို လွှဲပြောင်းရာမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (အိုင်စီအာစီ)က ကူညီဆောင်ရွက်ပေးဖို့အသင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့သလို အခုချိန်ထိတော့ နှစ်ဖက်အဖွဲ့အစည်းက ဆောင်ရွက်ပေးဖို့ တရားဝင်ဆက်သွယ် ပြောလာတာတော့ မရှိသေးဘူးလို့ အိုင်စီအာစီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနနေကိုယ်စားလှယ် ဖာဘရီဇီယိုကာဘိုနီက ပြောပါတယ်။ “သတင်းတွေအရဆိုရင်တော့ အေအေက ကျနော်တို့ပါဝင်ပေးဖို့ ဆန္ဒရှိနေတယ်။ အလွတ်သဘော ဆက်သွယ်တာတွေရှိတယ်။ ဒီနေ့အထိတော့ ကြားဝင်ဆောင်ရွက်ပေးဖို့ ပြောတာ မရှိသေးဘူး။ ကျနော်တို့က ကြားကဝင်ပြီး ညှိနှိုင်းဆောင်ရွက်ပေးမှာ မဟုတ်ပါဘူး။  ပြန်ချင်တဲ့စိတ်ရှိတဲ့သူတွေကို သူတို့တွေရဲ့ နေရပ်ကိုပြန်ဖို့အတွက် အန္တရာယ်ကင်းကင်းနဲ့ ပြန်ပို့နိုင်ရေးအတွက်ကိုပဲ ကူညီမှာပါ။ အေအေ ရော တပ်မတော်ဘက်ကရော ကျနော်တို့ပါဝင်မှုကို လက်ခံပေးမယ်ဆိုရင် အဲဒီ တပ်မတော်သားတွေ ပြန်နိုင်ဖို့ လုပ်ဆောင်ပေးဖို့ အဆင်သင့်ပါပဲ။ ဆောင်ရွက်ပေးဖို့ အဆင်သင့်ပဲ တရားဝင် တောင်းဆိုတာ မရှိသေးဘူး။ တောင်းဆိုခဲ့ရင်တော့ အခြေနေအသေး စိတ်ကို လေ့လာသွားမှာပါ” ၂၀၁၅ ခုနှစ်တုန်းကလည်း အေအေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်တုန်းကလဲ တပ်မတော်သား နှစ်ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လွှဲပြောင်းပေးခဲ့ဖူး တယ်လို့လဲ ဆိုပါတယ်။ “ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေရယ်၊ မြန်မာအာဏာပိုင်တွေရယ်၊  ပြီးတော့ အေအေတို့နဲ့ သဘောတူညီချက်နဲ့ ကျနော်တို့ အိုင်စီအာစီက ကြားဝင်ပြီး လုပ်ဆောင် ပေးခဲ့ဖူးပါတယ်။ ကျနော်တို့ သူတို့ကို ပြန်မပို့ခင်မှာ ပြန်ချင်တဲ့ ဆန္ဒရှိမရှိကိုအရင်မေးပါတယ်။ နောက်ဆက်တွဲအန္တရာယ် ဘာတွေရှိလာနိုင်တယ် ဆိုတာကိုလည်း ရှင်းပြတယ်။  နောက်ဆုံးတော့ သူတို့က မြန်မာနိုင်ငံကို ပြန်မယ်ဆိုပြီးဆုံးဖြတ်ခဲ့တယ်”လို့ ဖာဘရီ ဇီယိုကာဘိုနီက ပြောပါတယ်။ တပ်မတော်သားတွေ ခုလိုဖမ်းဆီးခံထားရတာနဲ့ ပက်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က တစုံတရာ ထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။ အခုလို တိုက်ပွဲဖြစ်လို့ ဖမ်းဆီးခံထားတဲ့သူတွေကို ပြန်လွှတ်ပေးတာတွေကို လုပ်ခဲ့မယ်ဆိုရင် နှစ်ဖက်တင်းမာနေတဲ့ တိုက်ပွဲတွေလျော့ကျသွားနိုင်ပြီး ရင်းနှီးမှုတွေ ရရှိလာနိုင်တယ်လို့ သေနင်္ဂဗျူဟာလေ့လာရေး အဖွဲ့ရဲ့အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်မတော် အေအေအဖွဲ့ဟာ အန်စီအေ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့  မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင် ၇ ဖွဲ့ထဲမှာ အဖွဲ့ဝင် ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024