DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ရွေးကောက်ပွဲအထိ မစောင့်ကြရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး
DVB
·
June 28, 2012
၂၀၁၅ ရွေးကောက်ပွဲအထိ မစောင့်ကြရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး
Donate to DVB

မြန်မာ့ဒီမိုကရေစီ စနစ်အတွက် ရုန်းကန်ချင်တဲ့ လူတွေအနေနဲ့ အခုကတည်းက စပြီး ကြိုးစားဖို့လိုတယ် လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

မြန်မာပြည်မှာ လောလောဆယ် ရှိနေတဲ့ အခွင့်အရေးမျိုး လွန်ခဲ့တဲ့ ရာစုနှစ်ဝက်အတွင်း အရင်က တခါမှ မကြုံခဲ့ရဖူးလို့ လက်ရှိအခွင့်အရေးကို မှန်မှန်ကန်ကန် အသုံးချရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။

ဥရောပခရီးစဉ်ရဲ့ နောက်ဆုံး နိုင်ငံအဖြစ် ပြင်သစ်ကို ရောက်နေစဉ် မှာ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာပါ၊ အခုကတည်းက ကြိုးစားမှ ၂၀၁၅ ရွေးကောက်ပွဲကို ကိုယ်လိုချင်တဲ့ အခြေအနေမျိုး ဖန်တီးနိုင်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါ တယ်။

“အားလုံးက ၂၀၁၅၊ ၂၀၁၅ လို့ ပြောနေကြတယ်။ ဒါပေမယ့် ၂၀၁၅ မှ လှုပ်ရှားလို့ရှိရင် အင်မတန်မှ နောက်ကျသွား လိမ့်မယ်။ အခုကတည်းက စပြီးလှုပ်ရှားရမယ်။ ကျမ အမြင်မှာတော့ အခု ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ ဟာ ၂၀၁၅ ထက် အများကြီး ပိုပြီး အရေးကြီးပါတယ်။ ဒီနှစ်တွေဟာ ၂၀၁၅ ဘယ်လိုပုံစံနဲ့ ထွက်လာမလဲဆိုတာ အဆုံးအဖြတ်ပေးမယ့် နှစ်ဖြစ်လို့ အခု နှစ်တွေအတွင်းမှာ အထူးရုန်းကုန်ဖို့၊ ကြိုးစားဖို့ သတိရှိဖို့ လိုတယ်လို့ ကျမက သတိပေးချင်ပါတယ်။”

လက်ရှိအခွင့်အရေးတွေဟာ ရာစုနှစ်ဝက်အတွင်း ပထမဆုံးရတဲ့  အကောင်းဆုံးရနေတဲ့ အခွင့်အရေးဖြစ်လို့ ဒါကို မှန်မှန်ကန်ကန် အသုံးချရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

“ကျမတို့နိုင်ငံက ဘယ်အခြေအနေမှာ ရောက်နေပြီလဲ ဆိုတာကို သေသေချာချာ သိဖို့ လိုပါတယ်။ အခုချိန်မှာ အခွင့်အရေးသစ်တွေ ရနိုင်တဲ့အချိန်မှာ ရပြီလို့ ကျမတို့ ပြောတာ မဟုတ်ပါဘူး။ အခွင့်အရေးအသစ်တွေ ရနိုင်တဲ့အချိန်မှာ မှန်မှန်ကန်ကန်နဲ့ ဒီအခွင့်အရေးတွေကို သုံးနိုင်ဖို့ဟာက အင်မတန်အရေးကြီးတယ်ဆိုတာ အားလုံးကို နားလည်စေချင်ပါတယ်။ ဒီအခွင့်အရေး အသစ်တွေကို သေသေချာချာ မသုံးလို့ရှိရင် နောက် ဆယ်စုနှစ်ပေါင်းများစွာ ကျမတို့ထပ်ပြီး ရုန်းကန်ရဦးမှာပါ။ ဒီဟာက နှစ် ၅၀ အတွင်းမှာ အကောင်းဆုံး ရရှိတဲ့အခွင့်အရေးတွေ ဖြစ်ပါတယ်။ ဒီအခွင့်အရေးတွေကို မှန်မှန်ကန်ကန်သုံးနိုင်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ကျမပြောချင်ပါတယ်။”

ပြင်သစ်နိုင်ငံကို ရောက်နေတုန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်ရဲ့ ရိုးသားဖြောင့်မတ်မှုကို ထပ်ဆင့်ချီးကျူးခဲ့သလို၊ အပြောင်းအလဲတွေ နောက်ကြောင်းမပြန်ဖို့ စစ်တပ်အပေါ်မှာ အများကြီး မူတည်တဲ့ အကြောင်းကိုလည်း ထပ်ဆင့် သတိပေးခဲ့ပါတယ်။

မြန်မာ့တပ်မတော်ကိုလည်း ပြည်သူဘက်က ရပ်တည်တဲ့ တပ်မတော်ဖြစ်စေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီမိုကရေစီစနစ်ကို ဖော်ဆောင်တဲ့နေရာမှာ လူဟောင်းတွေနဲ့ချည်း မဖြစ်ဘဲ မျက်နှာသစ်တွေလည်း ပေါ်ပေါက်လာဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

သူ့အနေနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ ဘယ်လိုအဖွဲ့အစည်းမျိုးနဲ့ မဆို လက်တွဲလုပ်ဆောင်သွားဖို့ အသင့်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်၊

သူရဲ့ အနာဂတ် အိပ်မက်နဲ့ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က “ရိုးရိုးသားသား ပြောရမယ့် အိပ်မက်တခုဆိုရင် ကျမကို မလိုတော့တဲ့အချိန်ကို မြင်ချင်တယ်။ ကျမတို့ နိုင်ငံဟာ တိုးတက်နေပြီ၊ အရှိန်ရနေပြီ။ တာဝန်တွေကို ထမ်းဆောင်ရမယ့် မျိုးဆက်တွေကလည်း ကျွမ်းကျင်နေပြီ။ အရည်အချင်းနဲ့လည်း ပြည့်စုံနေပြီဆိုရင် ကျမကို မလိုအပ်တော့ဘူး။ အဲ့ဒီအချိန်ကို ကျမ အိပ်မက်ရှိတယ်။ အဲ့လိုအချိန်ရောက်ရင် ကျမတို့အေးအေးဆေးဆေး ကဲလုပ်ကြပေတော့ဆိုပြီး” ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် ဒီနေ့ အဆုံးသတ်ပြီး လာမယ့် ဇွန်လ ၃၀ ရက်နေ့ ရန်ကုန်ကို ပြန်လာမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013