Live
Home
မြန်မာသတင်း
မုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ဦးတည်နေ၊  လိမ္မော်ရောင်အဆင့် သတ်မှတ်
DVB
·
May 29, 2018
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီကနေ့မနက် မြန်မာစံတော်ချိန် (၆:၃၀) နာရီအချိန် တိုင်းထွာချက်အရ  ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တခုအဖြစ်သို့ ရောက်ရှိခဲ့ပြီလို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ အဆိုပါ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ သံတွဲမြို့ရဲ့ အနောက်၊ အနောက်တောင်ဘက် ၁၂၈ မိုင်ခန့်၊ စစ်တွေမြို့ရဲ့ တောင်၊ အနောက်တောင်ဘက် ၁၂၅ မိုင်ခန့်၊ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၁၁၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။ မုန်တိုင်းငယ်ဟာ အရှေ့မြောက်ဘက်သို့ ရွေ့လျားမယ်လို့ ခန့်မှန်းရပြီး လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့်  အခြေအနေဖြစ်လို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပါတယ်။ မုန်တိုင်းငယ်ဟာ ဒီမနက်မှ နောက် ၂၄ နာရီအတွင်း မြန်မာနိုင်ငံ ကမ်း‌ခြေဒေသ၊ စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပြီး ဖြတ်ကျော်စဉ် အမြင့်ဆုံး လေတိုက်နှုန်းမှာ တနာရီ ၄၅ မိုင်မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီး မြေပြိုတာတွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ် သတိပြုဖို့  မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု နေထိုင်ကြဖို့ အကြံပြုထားပါတယ်။ ဒါ့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေလည်း  ကြိုတင်သတိပြုကြဖို့ မိုးဇလဌာနက တိုက်တွန်းထားပါတယ်။ အဆိုပါမုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေ အတော်များများမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဓာတ်ပုံ - မိုးဇလ

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024