အလုပ်ကနေ အထုတ်ခံရတဲ့ ဂေါက်ကယ်ရီအလုပ်သမား ၃၀ ကျော်က ဒီနေ့ မနက်က ရွှေမန်းတောင်ဂေါက်ကွင်းရှေ့မှာ မန္တလေးခရိုင်တရားရုံးကို ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးတိုင်း အောင်မြေသာစံမြိုနယ် ရွှေမန်းတောင်ဂေါက်ကလပ် ရွှေမန်းတောင် ကုမ္ပဏီလီမိတက်က မန်နေဂျင်းဒါရိုက်တာနဲ့ ဂေါက်ကွင်းကယ်ရီ အလုပ်သမားတွေ ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့အငြင်းပွားမှုကို မန္တလေးခရိုင်တရားရုံးက စီရင်ချက်ချရာမှာ အခကြေးငွေပေးချေမှု မရှိဘဲ အဓမ္မလုပ်အားခိုင်းစေခဲ့တဲ့ နစ်နာမှုတွေကို ထည့်သွင်း စဉ်းစားခြင်း မပြုဘဲ ချမှတ်ခဲ့လို့ အလုပ်သမားတွေက ဆန္ဒပြခဲ့ကြတာပါ။
ကိုအောင်မြင့်သိန်း (ဘဏ္ဍာရေးမှူး) က “အလုပ်ဖြုတ်ခံခဲ့ကြရတဲ့ အလုပ်သမား ၆၉ ယောက်ကို နစ်နာကြေးအဖြစ် ကျပ် ၁၅ သိန်း ခရိုင်တရားရုံးက အမိန့် ချမှတ်လိုက်တဲ့အပေါ် အလုပ်သမားတွေက မကျေမနပ်ဖြစ်ခဲ့ကြပြီး ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က လူထုစင်တင်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့် စီစဉ်ခဲ့ပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက လာရောက်တားမြစ်ခဲ့ လို့ သတင်းစာရှင်းလင်းပွဲလည်း ပျက်ခဲ့ရတယ်”လို့ ပြောပါတယ်။
အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (အထက်မြန်မာပြည် တာဝန်ခံ) ကိုစောလှအောင်က “ရွှေမန်းတောင်ဂေါက်ကွင်း အဓမ္မအလုပ်ထုတ်ခံခဲ့ကြရတဲ့ ကယ်ရီအလုပ်သမားတွေဟာ ဒီပြဿနာ ဒီအမှုမှာ တောက်လျှောက်အနိုင်ရရှိနေသူတွေ ဖြစ်ပါလျှက် ဒီကနေ့အထိ ဒီရလဒ်ကို မခံစားရသေးဘူး။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုဆိုတာ ပြိုကျလျှက်က ပြိုကျလျှက်ပဲ စိတ်ပျက်စရာ အလွန်ကောင်းတယ်”လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ကစတင်ပြီး အလုပ်သမားအခွင့်အရေး အပြည့်အဝ ရရှိဖို့ ဂေါက်ကွင်းကယ်ရီအလုပ်သမားတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ အလုပ်သမား ၆၉ ဦးကို ရွှေမန်းတောင်ဂေါက်ကွင်းကုမ္ပဏီက အလုပ်ထုတ်ပစ်ခဲ့တာပါ။
၂၀၁၆ အောက်တိုဘာလ ၉ ရက်နေ့မှာ ကျင်းပမယ့် မန်းစီးတီးဂေါက်သီးရိုက်ပြိုင်ပွဲကို ဖျက်ဆီးခဲ့လို့ ဆန္ဒပြခဲ့ကြတဲ့ အလုပ်သမားတွေကို အလုပ်ထုတ်ပစ်လိုက်ရတာလို့ အထွေထွေ ကုမ္ပဏီ မန်နေဂျာ ဦးမျိုးသန့်ကပြောပါတယ်။