သစ်တောဌာနက တောင်သူများ၏ စိုက်ခင်းတွင် ၀င်ရောက်စိုက်ပျိုး
DVB
·
June 27, 2012
စစ်ကိုင်းမြို့နယ်ထဲက ကဒူးတိုက်နယ် ကံကြီးကုန်း ကျေးရွာဘက်က စိုက်ခင်းတွေထဲမှာ သစ်တောဝန်ကြီးဌာနကနေ သစ်ပင်စိုက်လို့ တောင်သူတွေ အခက်ကြုံနေရတယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့နယ် ကံကြီးကုန်းကျေးရွာ မြေတိုင်းကွင်းအမှတ် ၆၉၉ တောင်သူစိုက်ခင်းတွေထဲမှာ အပူပိုင်းစိမ်းလန်းစိုပြေရေး ဌာနကနေ တမာပင်နဲ့ ယူကလစ်ပင်တွေ ၀င်ရောက် စိုက်ပျိုးတဲ့အတွက် တောင်သူတွေ အခက်ကြုံနေရတယ်လို့ အဲဒီတောင်သူတွေကို အကူအညီပေးနေတဲ့ စစ်ကိုင်းဒေသခံ တဦးက ပြောပါတယ်။
“သစ်တောကလာပြီး သစ်ပင်တွေစိုက်တယ်၊ သူတို့က ဟိုးလွန်ခဲ့တဲ့ နှစ် ၄၀၊ လောက်ထဲက မိရိုးဖလာလုပ်ခဲ့တဲ့ ကွင်းမှာ အခုမှာ သစ်တောကလာပြီးတော့ အဲဒါကို မထိခိုက်ရဘူး၊ ထိခိုက်ရင် အရေးယူမယ်ဆိုပြီးတော့ သူတို့ပိုင်တဲ့မြေလို လုပ်ကြတယ်။ သူတို့ကတော့ စိုက်ကွင်းတိုးချဲ့တယ်လို့ ပြောတယ်။ ဒီကလူတွေတော့ ပြဿနာတွေ ဖြစ်မှာကြောက်လို့ ဘာလုပ်ရမှန်းမသိဘူး၊ သူတို့မှာလည်း ဒီလုပ်ငန်းတခုပဲ လုပ်စားစရာရှိတယ်။”
ကံကြီးကုန်းကျေးရွာက ဦးထွန်းဝင်း၊ ဦးမြင့်စန်း၊ ဦးဇော်၊ ဦးသိန်းဝင်း၊ ဦးဇော်လင်း၊ ဦးစိုးဝင်း၊ ဦးချစ်ကို၊ ဦးညွန့်အောင်တို့ စိုက်ပျိုးမြေထဲမှာ သစ်တောကနေ စိုက်ပျိုးတာလို့ ပြောပါတယ်။
အဲဒီ တောင်သူတွေဟာ နှစ် ၅၀ ကတည်းက ဓားမဦးချ စတင် လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဂျုံစိုက်ခင်းတွေ ဖြစ်တယ်လို့ အကူအညီပေးတဲ့ ဒေသခံက ပြောပါတယ်။
စစ်ကိုင်းမြို့နယ် အပူပိုင်းစိမ်းလန်းစိုပြေရေး ဦးစီးဌာနရုံးတာဝန်ရှိသူတဦးက “မင်းဝံတောင် ဘေးမဲ့ကာကွယ်တောပါ။ သူတို့လည်း ကြားထဲမှာ သူတို့ယာတွေစိုက်။ ကျနော်တို့လည်း ဌာနစီမံကိန်းလည်း စိုက်။ ဒီလိုပါ။ ယာသမားတွေနဲ့လည်း တောထဲမှာတွေ့ပါတယ်။ တောင်သူတွေနဲ့လည်း ညှိနှိုင်းပြီးသားပါ” လို့ ပြောပါတယ်။