Home
မြန်မာသတင်း
လေးမျက်နှာ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို ဒေသခံ ၁၀၀၀ ခန့် ထပ်မံဆန္ဒပြ
DVB
·
May 27, 2018
ပြည်သူတွေ ရွှေးချယ်တင်မြှောက်ထားတဲ့ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို မလျော်သြဇာသုံးပြီး ရာထူးမှပြုတ်အောင်လုပ်ခဲ့တယ်ဟုဆိုပြီး လေးမျက်နှာ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို ဒေသခံ ၁၀၀၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းနဲ့ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်တို့ကို ဒုတိယအကြိမ်အဖြစ် ဒီနေ့ ဆန္ဒဖော်ထုတ်ခဲ့တာပါ။ ဒေသခံပြည်သူ ၉၀၀ ကျော် မဲပေးရွေးချယ်ထားတဲ့ အိုင်သပြုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ဇော်ကို အကြောင်းပြချက် ၅ ချက်နဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဆီ တိုင်ကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရက မေလ တတိယပတ်အတွင်းက ဦးခင်ဇော်ကို တာဝန်မှ ရပ်စဲခဲ့လို့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်နဲ့ ဦးဇော်မင်းသိန်း တို့ကို ဒေသခံတွေက မေလ ၂၁ ရက်နေ့က ပထမအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။ ထုတ်ပယ်ခံခဲ့ရတဲ့ အိုင်သပြုကျေးရွာအုပ်ချုပ်ရေးမှုးဟောင်း ဦးခင်ဇော်က “ဒေသခံတွေ ဆန္ဒဖော်ထုတ်တာက လွှတ်တော်ကိုယ်စားလှယ်တွေကိုပဲ သီးသန့်ဆန္ဒဖော်ထုတ်တာပါ။ ၂၀၂၀ နဲ့အချိန်ကိုက်ပြီး ပါတီနဲ့ အစိုးရကို သိက္ခာကျအောင် လုပ်နေတာ မဟုတ်ပါဘူး ကျနော်တို့တွေက လူကိုမကြည့်ပဲ မဲပေးခဲ့ကြလို့ အခုလူတွေကို ပြန်ဆန္ဒဖော်ထုတ်တာပါ” လို့ ပြောပါတယ်။ အိုင်သပြုကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ဇော်ကို ကျေးရွာမှာ လောင်းကစားဝိုင်းတွေ ပြုလုပ် တာကို မသိရှိတာ၊ မယင်းတံတားတည်ဆောက်မှုမှာ လာဘ်စားတာ၊ ဒေသခံရေလုပ်သားငယ် တွေရဲ့ ဆန္ဒဖော်ထုတ်ပွဲကို နောက်ကွယ်က အားပေးအားမြှောက်ပြုတာ၊ လွှတ်တော် ကိုယ်စားလှယ်တွေကို အထင်အမြင်လွဲအောင် ပြောဆိုတာ၊ ကမ်းပါးပြိုကျရာမှာ ပါဝင်တဲ့အိမ် ၅၂ အိမ်ကို သခင်ဖိုးလှကြီးရပ်ကွက်အဖြစ် ပြန်လည်နေရာချထားပေးရာမှာ လွှတ်တော် ကိုယ်စားလှယ်တွေကို ငွေစာရင်းမရှင်းတာ စတဲ့ ပြစ်ချက်တွေ ပြုလုပ်တယ်ဆိုပြီး ၂၀၁၇ ခုနှစ်အတွင်းက တိုင်ကြားခဲ့တာလို့ သိရပါတယ်။ ဆန္ဒဖော်ထုတ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင် က “မယင်းတံတားလုပ်ငန်းသုံးပစ္စည်း တင်ဒါပွဲမှာ လုပ်ငန်းသုံးတင်ဒါ အောင်သူကနေပြီး အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ဝင်ရောက် အကျပ်ကိုင်လို့ ဦးခင်ဇော်လက်ထဲကို ငါးထောင်တန် ငါးသိန်း ၂ အုပ် ဗွီဒီယိုဖိုင်နဲ့တိုင်ခဲ့လို့ ကျနော်အစိုးရအဖွဲ့ကိုတိုင်ခဲ့တာ၊ အစိုးရကအပြစ်ရှိလို့ ဖြုတ်တာကို လက်မခံနိုင်လို့ဖြစ်တာ”လို့ ပြောပါတယ်။ သတင်း - မြမင်းဦး(ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024