Home
မြန်မာသတင်း
ဖမ်းဆီးခံထားရသည့် တပ်မတော်သား ၃ ဦး လွှဲပြောင်းရေး အိုင်စီအာစီ ကူညီမည်
DVB
·
May 26, 2018
ရက္ခိုင့်တပ်မတော် (အေအေ) က ဖမ်းဆီးထားတဲ့ တပ်မတော်သားတွေကို လွှဲပြောင်းပေးရေးအတွက် သက်ဆိုင်ရာ နှစ်ဖက်လုံးက တောင်းဆိုလာမယ်ဆိုရင် ကြားဝင်ကူညီဖို့ အသင့်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ) က မေ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မေလ ၂၀ ရက်နေ့က ဘူးသီးတောင်အခြေစိုက် မြန်မာ့တပ်မတော် ခလရ ၂၆၃ တပ်ရင်းနဲ့ ရက္ခိုင့်တပ်မတော်တို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တိုက်ပွဲဖြစ်ကြပြီး မြန်မာ့တပ်မတော်သား ၃ ယောက်ကို ဖမ်းဆီးထားတယ်လို့ ရက္ခိုင့်တပ်မတော်က ဆိုပါတယ်။ ဒုတပ်ကြပ်တယောက်နဲ့ တပ်သား ၂ ယောက်ကို ဖမ်းမိထားတာဖြစ်ပြီး သူတို့ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ) ကတဆင့် ပြန်လွှဲပြောင်းပေးဖို့ရှိတယ်လို့လည်း အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုထားပါတယ်။ “လွန်ခဲ့တဲ့ ၂၀ ရက်နေ့ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ဖြစ်တဲ့ တိုက်ပွဲကာလတုန်းက ဖမ်းမိထားတာ။ အရင်တုန်းက ဖမ်းမိတဲ့ သုံ့ပန်းတွေကို အိုင်စီအာစီကတဆင့် လွှဲပြောင်းပေးဖူးတာ ရှိတယ်၊ ဆိုတော့ အခုလည်းပဲ အိုင်စီအာစီဘက်ကနေ လိုလိုလားလား ရှိတယ်ဆိုရင် ကျနော်တို့ အိုင်စီအာစီကို လွှဲနိုင်အောင် ဒီဘက်က လုပ်ဆောင်ဖို့ ရှိတာပေါ့” သူတို့ကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်လို့လည်း ခိုင်သုခက ပြောပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တစုံတရာ ထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။ အိုင်စီအာစီရဲ့ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် မစ္စတာ ဖာဘရီဇီယိုကာ ဘိုနီက “ဒါဟာ ကမ္ဘာတဝန်းလုံးမှာ ကျနော်တို့ ဆောင်ရွက်နေတဲ့ အဓိက လုပ်ငန်းတွေထဲက တခု ဖြစ်ပါတယ်။ သက်ဆိုင်ရာအဖွဲ့တွေဟာ ကြားနေပြီး ကြားဝင်ဆောင်ရွက်တဲ့ အဖွဲ့တခုအဖြစ် အိုင်စီအာစီကို တောင်းဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းစဉ်ဟာ ပွင့်လင်းမြင်သာမှု ရှိပြီး သက်ဆိုင်ရာအဖွဲ့တွေ အားလုံးကြားမှာ ယုံကြည်မှု တည်ဆောက်ရေးအတွက် အထောက်အကူဖြစ်တယ်ဆိုတာကို သိကြလို့ပါ။ အိုင်စီအာစီရဲ့ အခန်းကဏ္ဍဟာ လူသားချင်းစာနာ ထောက်ထားမှု သက်သက်ပဲ ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့တွေကြား ညှိနှိုင်းဆွေးနွေးတာတွေမှာ ပါဝင်ပတ်သက်တာ မရှိပါဘူး” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း ရက္ခိုင့်တပ်မတော်က ထိန်းသိမ်းထားတဲ့ တပ်မတော်သားတွေ လွှဲပြောင်းပေးတာမှာ အိုင်စီအာစီက ကြားဝင် ကူညီပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024