အကြွေးနွံနစ်မည်ကို စိုးရိမ်နေကြသည့် အာဂျင်တီးနားပြည်သူ ထောင်ချီ ဆန္ဒပြ

အာဂျင်တီးနားနိုင်ငံရဲ့ မြို့တော် ဗျူးနော့စ်အေးရီးမှာ အကြွေးနွံနစ်မှာ စိုးရိမ်နေကြတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေက မေလ ၂၅ ရက်နေ့က စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ အာဂျင်တီးနားသမ္မတ မာရီစီယိုမက်ခရီက အစိုးရဘက်ဂျက်အတွက် IMF ကနေ ဒေါ်လာ ၁၉ ဒသမ ၇ ဘီလီယံ ချေးငွေရရှိဖို့ ကြိုးပမ်းသွားမယ်လို့  မေ ၈ ရက်နေ့က ရုပ်သံလိုင်းက တဆင့်ကြေညာခဲ့တာပါ။ ပြည်သူတွေကတော့ ၂၀၀၁-၂၀၀၂ ခုနှစ်ကာလတုန်းက ကြုံတွေ့ခဲ့တဲ့ စီးပွားရေးအကျပ်တည်း ပုံစံပြန်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ IMF က ချေးငွေရယူမယ့်ကိစ္စကို ကန့်ကွက်တဲ့အနေနဲ့ မြို့တော် ဘရုနိုအေရိက ချီတက်ဆန္ဒပြပွဲမှာ အတိုက်အခံပါတီတွေ၊ သမဂ္ဂ၊ လူ့အခွင့်အရေးတက်ကြွအဖွဲ့အစည်းနဲ့ အနုပညာရှင်တွေ ပါဝင်ခဲ့ကြပါတယ်။ “IMF က ငွေထပ်ချေးမယ်ဆိုတာက ခြိုးခြံချွေတာရေး ပေါ်လစီတွေပြန်လာမယ်။ ကျောင်းတွေ ပျက်စီးသွားတဲ့ နိုင်ငံပြန်ဖြစ်လာမယ်၊ ကလေးတွေစားစရာမရှိတဲ့ နိုင်ငံပြန်ဖြစ်လာမယ်။ ၂၀၀၁ ခုနှစ်ကကြုံတွေ့ခဲ့တဲ့ ဘာမှမရှိတော့တဲ့ နိုင်ငံမျိုးပြန်ဖြစ်လာမယ်ဆိုတဲ့ သဘောပါ။ ဒါမျိုးထပ်ပြီး မဖြစ်ချင်တော့ပါဘူးလို့” အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးက ပြောခဲ့တာပါ။ “အစိုးရက အားလုံးကို လိမ်နေတုန်းပါပဲ။ IMF က ပြောင်းသွားပြီလို့ သူတို့ပြောပါတယ်။ဘာပြောင်းတာလဲ။ ဒါက ဒါပါပဲ။ အားလုံးကို အကြွေးနွံထဲ ဆွဲခေါ်သွားမှာပါ။ ပြီးတော့ အားလုံးကို ဟိုလိုလုပ်ဒီလိုလုပ် လာညွှန်ကြားမှာပါ။ လက်မခံနိုင်ပါဘူး။ ကျမတို့ အားလုံး အတူတကွ ငြင်းပယ်ပါတယ်”  လို့ ဆန္ဒပြသူတဦးက ပြောခဲ့တာပါ။ အာဂျင်တီးနားအစိုးရဟာ၂၀၀၁ ခုနှစ်မှာ  နိုင်ငံတကာအကြွေး ဒေါ်လာ ၁၀၀ ဘီလီယံကို မဆပ်နိုင်တော့တဲ့အတွက်  နိုင်ငံတွင်း စီးပွားရေးအကျပ်အတည်းဖြစ်ပေါ်ခဲ့ပြီး ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up