Home
မြန်မာသတင်း
ပြည်သူများအန္တရာယ်မဖြစ်စေရန် ချောင်းသာယာ အပန်းဖြေစခန်း မိုးကာလပိတ်သိမ်း
DVB
·
May 26, 2018
နေ့စဉ် လူပေါင်းရာချီ လာရောက်လည်ပတ်နေတဲ့ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စုက ချောင်းသာယာအပန်းဖြေစခန်းကို အများပြည်သူအန္တရာယ် မဖြစ်ပေါ်စေဖို့ ဒီနေ့ကစပြီး ပိတ်သိမ်းလိုက်ပါတယ်။ မိုးတွင်းကာလအတွင်း လူတွေလာရောက် ရေကစားကြလေ့ရှိတဲ့ ချောင်းရဲ့ရေတွေ စီးဆင်းမှုများပြားခြင်းကြောင့် အသက်အန္တရာယ်စိုးရိမ်ရပြီး ရေကလည်း ကြည်လင်မှု မရှိတာကြောင့် ပိတ်သိမ်းတာလို့ ချောင်းသာယာအပန်းဖြေစခန်းစီမံရေးရာ ကော်မတီဝင် ဦးကျော်ဝင်းက ပြောပါတယ်။ “အရင်နှစ်တွေတုန်းက ဒီအတိုင်းပဲ ပိတ်တာမရှိပေမယ့် ခုနှစ်ပိုင်းတွေက လူတွေနေ့စဉ်လိုလို ရာနဲ့ချီပြီးလာနေကြတယ်။ အခါကြီးရက်ကြီးတွေမှာဆိုလည်း ထောင်နဲ့ချီတယ်။ ချောင်းတဖက်တချက်စီက တည်ဆောက်ထားတဲ့ တံတား ၂ စင်းအပါအ၀င် ဆိုင်ခန်းတွေပါ ဖျက်သိမ်းလိုက်တယ်။ အဓိကကကတော့ လူတွေ အသက်အန္တရာယ်ဖြစ်မှာ စိုးလို့ပါ။” ချောင်းရဲ့အထက်မှာရှိတဲ့ ဘုရားကို လှေနဲ့သွားလိုသူတွေအတွက် စက်လှေပြေးဆွဲမှု ရှိနေမှာဖြစ်ပြီး အရင်က လူ ၁၀ ဦး တင်ဆောင်နေပြီး အခုဆိုရင် ၇ ဦးလောက်ပဲ တင်ဆောင်ခွင့်ပြုတော့မှာဖြစ်ကြောင်းနဲ့ အသက်ကယ်အင်္ကျီတွေ ၀တ်ဆင်ဖို့ ဆောင်ရွက်ထား တယ်လို့ သူက ဆက်လက်ပြောကြားပါတယ်။ ကျောင်းရွာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆန်းလွင်ဦးက “အနယ်နယ်အရပ်ရပ်က လာရောက်လည်ပတ်ကြတဲ့ သူတွေကို အသိပေးချင်ပါတယ်၊ မိုးကုန်မှပြန်ဖွင့်မှာပါ။ အသိပေးဆိုင်းဘုတ်တွေနဲ့ သတိပေးတာတွေတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်” လို့ ပြောပါတယ်။ အပန်းဖြေစခန်းအတွင်း ဆိုင်ခန်း ၂၁ ခန်းနဲ့ ပြေးဆွဲနေတဲ့ လှေစီးရေး ၆၅ စီးရှိပြီး ရေကူးအပန်းဖြေခြင်း၊ မြစ်နဲ့ချောင်းဆုံရာအရပ်မှာ တည်ထားတဲ့ ချောင်းနှစ်ခွ ရေလယ်စေတီကို လှေနဲ့သွားကာ ပတ်ဝန်းကျင် တောတောင်သဘာဝအလှ ရှုခင်းတွေကြည့်ရှုတာနဲ့ ဆေးတောင်က စီးဆင်းလာတဲ့ ရေတွေဖြစ်လို့ ရောဂါဝေဒနာ ပျောက်ကင်းတယ်လို့ အဆိုရှိတာကြောင့် အခါကြီးရက်ကြီးတွေမှာ ပြည်တွင်းပြည်ပခရီးသည် ထောင်နဲ့ချီကာ လာရောက်လည်ပတ်နေကြတာပါ။ ၀င်းနိုင်သက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024