၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဥရုဂွေးအသင်း မိတ်ဆက်

ကမ္ဘာ့ဖလားချန်ပီယံ ၂ ကြိမ် ရရှိထားဖူးတဲ့ ဥရုဂွေးအသင်းဟာ အိမ်ရှင် ရုရှား၊ ဆော်ဒီအာရေဗျ၊ အီဂျစ်အသင်းတို့ ပါဝင်နေတဲ့ အုပ်စု (က) မှာ နောက်တဆင့် တက်ရောက်နိုင်ဖို့ သေချာသလောက်ရှိနေတဲ့ အသင်းတသင်းပါ။ ၁၉၃၀ နဲ့ ၁၉၅၀ ခုနှစ်တွေရဲ့ ကမ္ဘာ့ဖလားချန်ပီယံ ဥရုဂွေးဟာ အစဉ်အလာကောင်းတွေ ရှိခဲ့ပေမယ့် ၁၉၅၄ ဆွစ်ဇာလန် ကမ္ဘာ့ဖလားကနေစလို့ ကွာတားဖိုင်နယ်၊ ၁၆ သင်းအဆင့်နဲ့ ဆီမီးဖိုင်နယ်အဆင့်တွေမှာသာ ကျင်လည်နေခဲ့ရပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲ အုပ်စုအဆင့် ၂ နေရာကနေ ခြေစစ်ပွဲအောင်ခဲ့တဲ့ ဥရုဂွေးအသင်းဟာ အကောင်းဆုံးခြေစွမ်း မဟုတ်ရင်တောင် ဖျက်မျဉ်းအသင်းတသင်း ဖြစ်လာနိုင်ပါတယ်။ ဆွာရက်ဇ်၊ ကာဗာနီ၊ ဂိုဒင်၊ ပီရေးယားတို့လို ကစားသမားကောင်းတွေနဲ့ ဥရောပကလပ် အသင်းကြီးတွေမှာ ကစားနေတဲ့ လူငယ်ခြေတက်ကစားသမားတွေ စုဖွဲ့ထားတဲ့ ဥရုဂွေးအသင်းဟာ အုပ်စု (က) မှာတော့ အကောင်းဆုံးဖြစ်နေပါတယ်။ တိုက်စစ်အတွဲဖြစ်တဲ့ ဆွာရက်ဇ်နဲ့ ကာဗာနီတို့သာ ခြေစွမ်းပြပြီး တွဲဖက်မိမိ ကစားနိုင်ခဲ့မယ်ဆိုရင် အသင်းတိုင်းကို ဒုက္ခပေးနိုင်တဲ့ အနေအထား ရှိနေပါတယ်။ ဥရုဂွေးဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကန်ဇုန်အုပ်စုမှာ ၁၈ ပွဲကစားရာမှာ ၉ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၅ ပွဲရှုံးရလဒ်နဲ့ ဘရာဇီးရဲ့နောက် ဒုတိယနေရာကနေ ခြေစစ်ပွဲ အောင်မြင်ခဲ့တာပါ။ ခြေစစ်ပွဲအောင်မြင်တဲ့ အချိန်တိုင်း နောက်တဆင့်ကို တက်ရောက်နိုင်လေ့ရှိတဲ့ ဥရုဂွေးအသင်းအနေနဲ့ အိမ်ရှင် ရုရှားနဲ့ ခြေတက်နေတဲ့ အီဂျစ်ကိုပဲ အဓိကထား ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ တောင်အမေရိကဖလား ချန်ပီယံ ၁၁ ကြိမ်အထိ ရရှိထားတဲ့ ဥရုဂွေးအသင်းအနေနဲ့ ဒီနှစ် ကမ္ဘာ့ဖလားမှာ ၂၀၀၆ ခုနှစ်ကတည်းက ကိုင်တွယ်လာခဲ့တဲ့ နည်းပြ အော်စကာ တာဘာရက်ဇ်နဲ့အတူ အောင်မြင်မှုတွေ ရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။ ဥရုဂွေးအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အီဂျစ်အသင်းနဲ့ ဇွန်လ ၁၅ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဥရုဂွေးလက်ရွေးစင် ပဏာမ ကစားသမားများ ဂိုး - မူစ်လီရာ (ဂါလာတာစာရေး)၊ ဆေးလ်ဗား (ဗတ်စ်ကိုဒဂါးမား)၊ ကမ်ပါနာ (အင်ဒီပန်းဒန့်) နောက်တန်း - ဂိုဒင်၊ ဂျီမီနက်ဇ် (အက်သလက်တီကို)၊ ဆီဘက်ရှန်ကုတ်စ် (စပို့တင်း)၊ ပီရေးယား (ပေါ်တို)၊ ဆေးလ်ဗား (အင်ဒီပန်းဒန့်)၊ မာတင် ကာဆီးရက်စ် (လာဇီယို)၊ ဗာရီလာ (ပန်နားရိုး)၊ အလယ်တန်း - နန်ဒက်ဇ် (ဘိုကာဂျူနီယာ)၊ လူးကပ်စ်တော်ရီရာ၊ ရာမီရက်ဇ် (ဆမ်ဒိုးရီးယား)၊ ဗက်စီနို (အင်တာမီလန်)၊ ဗယ်လ်ဗာဒီ (ရီးရဲလ်)၊ ရိုဒရီဂို ဘန်တန်ကာ (ဂျူဗင်တပ်)၊ ကားလို့စ်ဆန်းချက်ဇ်၊ ဂျိုနသန် ကာရီတာဗစ်စ်ကာယာ (မွန်တာရေး)၊ ဂျီအိုဂျီယန် ဒီ အာရပ်စ်ကေတာ (ခရူဇီယို)၊ ဒီယေဂို လာဇော့လ်တ် (ဂျီနိုအာ)၊ ခရစ္စရှန် ရိုဒရီဂွက်ဇ် (ပန်နားရိုး)၊ နစ်ကိုးလပ်စ် လိုဒီရို (ဆီယက်တဲလ်ဆောင်းဒါးစ်) ရှေ့တန်း - ဆွာရက်ဇ် (ဘာစီလိုနာ)၊ ကာဗာနီ (ပီအက်စ်ဂျီ)၊ ဂိုမက်ဇ် (ဆယ်လ်တာဗီဂို)၊ စတူအာနီ (ဂျီရိုနာ)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up