Home
မြန်မာသတင်း
ကလေးမြို့တွင် အုတ်သဲကျောက်တင်ကားများကို အထူးကြပ်မတ် စစ်ဆေးဖမ်းဆီးနေ
DVB
·
May 25, 2018
ကလေးမြို့ပေါ်မှာ ပြိုင်ကားလို့ တင်စားခံနေရတဲ့ အုတ်သဲကျောက်လုပ်ငန်းသုံး SKAT အမှတ်တံဆိပ် မော်တော်ယာဉ်တွေနဲ့ FORLAND အမှတ်တံဆိပ် မော်တော်ယာဉ်တွေကို ယာဉ်ထိန်းရဲ တပ်ဖွဲ့က အထူးကြပ်မတ်စစ်ဆေးနေပါတယ်။ ကလေးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲအုပ်ချစ်မင်းထွန်းက “ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က ကလေးမြို့ ဗိုလ်ချုပ်လမ်းမပေါ် အနောက်ခြမ်း တောင်ဇလပ်ရပ်ကွက်မှာ အမျိုးသမီးတယောက် ကားတိုက်ခံရပြီး သေဆုံးသွားတယ်။ ဒီအရင်ကတွေလည်း တိုက်လိုက်ရင် SKAT/ FORLAND တွေချည်းပဲ။ ဒါကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူး ညွှန်ကြားချက်နဲ့ ကျနော်တို့ ယာဉ်ထိန်းတပ်ဖွဲ့က အထူးစစ်ဆေးမှုတွေ ပြုလုပ်နေတယ်” လို့ ပြောပါတယ်။ မေလ ၁၄ ရက်နေ့က ယာဉ်တိုက်မှုမှာ အမျိုးသမီးတဦး ဦးခေါင်းပွင့်၊ ဦးနှောက်ထွက် သေဆုံးခဲ့ပြီး တိုက်သွားတဲ့ လုပ်ငန်းသုံးယာဉ် အဖြူရောင်ဟာ ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီယာဉ်တိုက်မှုမှာ ပတ်ဝန်းကျင်မှာ လူတွေရှိနေပေမယ့် ကားနဲ့ပတ်သက်ပြီး SKAT အဖြူရောင်ကိုသာ သိခွင့်ရတာကြောင့် ဒီနေ့အထိ ဖမ်းမိခြင်းမရှိသေးပါဘူး။ “SKAT ကားတွေ မောင်းချက်ကတော့ ကလေးမြို့ ဗိုလ်ချုပ်လမ်းလို အသွားအလာ များတာတောင် ပြိုင်ကားတွေလို မောင်းတယ်။ ကလေးအနောက်ဘက် ဆည်ကြီးချောင်းက သဲတိုက်တာ အခေါက်ရေများဖို့ အပြိုင်လုမောင်းကြတာ။ သူတို့ကြောင့် သေရတဲ့သူတွေ များလှပြီ" လို့ ကလေး ဒေသခံတဦးကလည်း ပြောပါတယ်။ ကလေးမြို့မှာ လုပ်ငန်းသုံးယာဉ်တွေကို သီးသန့်သွားလာဖို့ မြို့ပတ်လမ်း သတ်မှတ်ပေးထားပေမယ့် အများကတော့ ဗိုလ်ချုပ်လမ်းပေါ် ကြမ်းကြမ်းတမ်းတမ်း မောင်းနှင်နေကြပြီး ယာဉ်မောင်းအများစုဟာ သတ်မှတ်ချက်ပြည့်တဲ့ ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်နေကြတယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ကလေးမြို့ ယာဉ်ထိန်းတပ်ဖွဲ့က SKAT ကားနဲ့ FORLAND ကားတွေကို မေလ ၁၄ ရက် နောက်ပိုင်း ဒီနေ့ထိ နေ့စဉ်စစ်ဆေးပြီး အစီးရေ ၄၀ လောက်ကို ဖမ်းဆီးထားရာမှာ သတ်မှတ်ယာဉ်မောင်းလိုင်စင်နဲ့ မောင်းနှင်ခြင်းမပြုတဲ့ ယာဉ်မောင်း ၃၀ ဦး ပါဝင်တယ်လို့ သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024