DVB Logo
Home
မြန်မာသတင်း
ဗန်းမော်နှင့် ကသာမြို့တို့တွင် ဧရာဝတီမြစ်ရေကြီးနေ
DVB
·
June 27, 2012
ဗန်းမော်နှင့် ကသာမြို့တို့တွင် ဧရာဝတီမြစ်ရေကြီးနေ
Donate to DVB

ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့ စစ်ကိုင်းတိုင်း ကသာမြို့တွေမှာ   ဧရာဝတီမြစ်ရေမြင့်တက်လာပြီး လာမယ့် ၂ ရက်အတွင်းမှာ  စိုးရိမ်ရေမှတ်ထိ ရောက်နိုင်တယ်လို့  မိုးလေ၀သနဲ့ဇလဗေဒဌာနက သတိပေးထုတ်ပြန်လိုက်တာပါ။

[caption id="attachment_27161" align="alignleft" width="300" caption="ဧရာဝတီမြစ်ရေ တက်နေစဉ်"][/caption]

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဧရာဝတီမြစ်ရေဟာ ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် ၁၂း၃၀ နာရီအချိန် တိုင်းထွာချက်အရ ၁၀၉၄ စင်တီမီတာရောက်နေပြီး လာမယ့် ၄၈ နာရီ အတွင်း စိုးရိမ်ရေမှတ် ၁၁၅၀ စင်တီမီတာထိ ရောက်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ကြေညာထားပါတယ်။

ဗန်းမော် မိုးလေ၀သဌာနက အမှုထမ်းတဦးကတော့ ဗန်းမော်မြို့ မြေနိမ့်ရပ်ကွက် တချို့မှာ ရေ ၁ ပေလောက်အထိ တက်နေပြီး  မြို့အနီးအနားက မြစ်ကမ်းနားဘေးမှာရှိတဲ့ ကျေးရွာတချို့မှာ ရေတက်နေတဲ့အကြောင်း ဒါပေမယ့် စိုးရိမ်စရာတော့ သိပ်မရှိဘူးလို့ ပြောပါတယ်။

“ဗန်းမော်အနေနဲ့ ပြောရရင် အန္တရာယ် မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဗန်းမော်အထက်ဘက်မှာ ဧရာဝတီ ပထမမြစ်ကျဉ်းရှိတယ်။ ဗန်းမော်ရဲ့ အောက်ဘက်မှာ ရွှေဂူအထက်နားမှာလည်း ဒုတိယ မြစ်ကျဉ်းရှိတယ်။ အဲတော့ ရေတက်တာနဲ့ ကျတာက ဖြည်းဖြည်းတက် ဖြည်းဖြည်းကျပဲ။ ရုတ်တရက် နာရီပိုင်းအတွင်း ရေတအားတက်ပြီး ထိခိုက်တာမျိုးတော့ မဖြစ်နိုင်ဘူး။”

စစ်ကိုင်းတိုင်း ကသာမြို့မှာလည်း ဧရာဝတီမြစ်ရေဟာ  ၉၆၃ စင်တီမီတာသို့ ရောက်ရှိနေပြီး မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၀၄၀ စင်တီမီတာ အသီးသီးသို့ ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကသာမြို့က ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးဌာနက အမှုထမ်း တဦးကတော့ မြစ်ရေကြီးမှုကြောင့် မြစ်တွင်းသွားလာနေတဲ့ သင်္ဘောတွေ အနေနဲ့ သစ်တုံးတွေနဲ့ ဒိုက်တွေကို ရှောင်တိမ်းမောင်းနှင်နေရပေမယ့် သင်္ဘောခရီးစဉ်တွေ ရပ်နားထားခြင်း မရှိဘဲ  ပုံမှန်အတိုင်း ပြေးဆွဲပေးနေတယ်လို့ ပြောပါတယ်။

“မြစ်ရေကြီးတော့ တုံးတွေ မျောလာတာ၊ ဒိုက်တွေမျောလာတာ ရှိတာပေါ့။ အဲဒါလေးတွေ ရှောင်သွားရတာပေါ့။ မြစ်ကြီးနားမှာ ရေကျခဲ့ပြီဆိုတော့ ဗန်းမော်ကို တိုးမယ်၊ ရွှေဂူတိုးမယ်၊ ကသာတိုးမယ်၊ မြစ်ကြီးနားက ကျတဲ့ရေတွေ တိုးမှာပေါ့။ စိုးရိမ်စရာတော့ မရှိပါဘူး။ သွားလာရတာကတော့ နည်းနည်း ဂရုစိုက်ရတာပေါ့။”

ကချင်ပြည်နယ် မြို့တော်  မြစ်ကြီးနားမြို့မှာတော့  ပြီးခဲ့တဲ့ရက်ပိုင်းက တက်ခဲ့တဲ့  ဧရာဝတီမြစ်ရေဟာ တဖြည်းဖြည်း ပြန်ကျသွားပြီလို့ မြစ်ကြီးနားမြို့ မိုးလေ၀သနဲ့ဇလဗေဒ ဌာနက  ပြောပါတယ်။

မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ၁၁၆၆  စင်တီမီတာထိ အမြင့်ဆုံးတက်ခဲ့တာဖြစ်ပြီး မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာထိ မရောက်ဘဲ ပြန်ကျသွားတာပါ။

ဒီနေ့ နေ့လယ်ပိုင်း တိုင်းထွာချက်အရ မြစ်ကြီးနားမှာ  မြစ်ရေဟာ ၁၁၁၅ စင်တီမီတာရှိပြီး  မိုးရေချိန် ၀ ဒဿမ ၉၄ လက်မ ရှိတယ်လို့ မိုးလေ၀သနဲ့ဇလဗေဒ ဌာနကပြောပါတယ်။

မြန်မာနိုင်ငံမှာ မုတ်သုံရာသီဥတု ၀င်လာပြီး နိုင်ငံအထက်ပိုင်း ပူတာအိုနဲ့ မချမ်းဘောဘက်မှာ မိုးကောင်းပြီး မြစ်ရေလျှံတက်လာတဲ့အတွက် မြစ်ကြီးနားမြို့ အနိမ့်ပိုင်း ရပ်ကွက်တချို့မှာ ရှိတဲ့ လူနေအိမ်တွေနဲ့ လမ်းတွေထဲထိ မြစ်ရေကြီးမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013