Home
မြန်မာသတင်း
ရန်ကုန်မြစ်အတွင်း ရေယာဉ်၊ တွဲယာဉ်ဟောင်းများ လေလံတင် ရောင်းချမည်
DVB
·
May 25, 2018
ရန်ကုန်မြစ်အတွင်း ရေယာဉ်၊ တွဲယာဉ်ဟောင်းတွေ ကမ်းထိုးရပ်နားထားခြင်းကို ဖယ်ရှားရှင်းလင်းဖို့ ညွှန်ကြားထားပြီး လေလံတင် ရောင်းချသွားမယ်လို့ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။ မေ ၂၄ ရက်ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ပန်းဘဲတန်းမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးရဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲခွင့်ရှိတဲ့ ရန်ကုန်မြစ်ကြောင်းတလျှောက်၊ သမ္မတကမ်းခြေတလျှောက်ရှိ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ကုန်ပို့စက်ယာဉ်၊ တွဲယာဉ်အဟောင်းတွေ၊ ဒလ မှော်စက်ဝန်းကျင်ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝဌာနခွဲရှိ စက်ရေယာဉ်အဟောင်းတွေ၊ စက်ရှိ၊ စက်မဲ့တွဲရေယာဉ်တွေ ရှင်းလင်းဆောင်ရွက်မှု အခြေအနေ မေးခွန်းနဲ့ပတ်သက်ပြီး ဝန်ကြီး ဒေါ်နီလာကျော် ပြန်လည်ဖြေကြားခဲ့တာပါ။ “လေလံအောင် ရေယာဉ်၊ တွဲယာဉ်များမှာ များသောအားဖြင့် ကမ်းထိုးထားရာတွင် ဖျက်သိမ်းသယ်ယူတဲ့အခါမှာ ရေယာဉ်၊ တွဲယာဉ်ဟောင်းများအတွင်း ဝင်နေတဲ့နှုန်းများအား ရေတက်၊ ရေကျချိန် စောင့်ဆိုင်းရှင်းလင်းရာမှာ ဖျက်သိမ်းမယ့်အခါ ရေကျကို စောင့်ဆိုင်း ဖျက်သိမ်းရခြင်းများကြောင့် နှောင့်နှေးမှုများ ရှိခဲ့ပါတယ်။ ရန်ကုန်မြစ်အတွင်း ရေယာဉ်၊ တွဲယာဉ်ဟောင်းများ ကမ်းထိုးရပ်နားထားခြင်း ဖယ်ရှားရှင်းလင်း ဆောင်ရွက်ရန် လေလံအောင်မြင်သူများကို ရေယာဉ်၊ တွဲယာဉ်ဟောင်းများ ဆောလျင်စွာ ဖျက်သိမ်း သယ်ဆောင်နိုင်ရေး အကြောင်းကြား ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိတဲ့ ရေယာဉ်၊ တွဲယာဉ်ဟောင်း ၁၅ စီး လေလံတင် ထုခွဲရောင်းချနိုင်ရေး ဆက်လက်ဆောင်ရွက်ရှိကြောင်း ဖြေကြားအပ်ပါတယ်” လို့ ဝန်ကြီးက ပြောပါတယ်။ ရန်ကုန်မြစ်ကြောင်းတလျှောက် ခရီးသွားပြည်သူတွေ အန္တရာယ်ကင်းရှင်းစေရေး၊ မြို့တော်အင်္ဂါရပ်နဲ့ ညီညွှတ်စေရေးအတွက် ရန်ကုန်မြစ်ကြောင်းတလျှောက် ကမ်းထိုးရပ်နားထားတဲ့ ရေယာဉ်၊ တွဲယာဉ်တွေနဲ့ ကာလကြာရှည်စွာ ရပ်တန့်ထားသော အသုံးမတည့်တဲ့ ရေယာဉ်တွေကို  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားရှင်းလင်းပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားတာပါ။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ရန်ကုန်မြစ်အတွင်းရှိ ဌာနပိုင် ရေယာဉ်နဲ့ တွဲယာဉ် ဟောင်း ၆၈ စီးရှိတဲ့အနက် အချို့ယာဉ်တွေကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ လေလံတင်ထုခွဲ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ လေလံအောင်မြင်တဲ့ ကုမ္ပဏီက ရေယာဉ်၊ တွဲယာဉ်ဟောင်းကို သယ်ယူရှင်းလင်းနေကာ လက်ရှိမှာ ရေယာဉ်၊ တွဲယာဉ်ဟောင်း ၂၀ စီးဖျက်သိမ်းဖို့ ကျန်ရှိနေပြီး လေလံတင်ရောင်းချဖို့အတွက်လည်း ရေ ယာဉ် ၁၅ စီး ကျန်ရှိနေသေးတယ်လို့ ဝန်ကြီးက ဆက်လက်ပြောပါတယ်။ Photo - YRG Info
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024