DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲစနစ်ကို ပြောင်းရန် ပါတီများ အဆိုပြုမည်
DVB
·
June 27, 2012
ရွေးကောက်ပွဲစနစ်ကို ပြောင်းရန် ပါတီများ အဆိုပြုမည်
Donate to DVB

လွှတ်တော်တွေမှာ တပါတီကြီးစိုးမှုကို အဆုံးသတ်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်ရှိရွေးကောက်ပွဲ စနစ်နေရာမှာ စနစ်သစ်နဲ့ အစားထိုးနိုင်ဖို့ ဒီမိုကရေစီမိတ်ဆွေပါတီ ၁၀ ပါတီက မကြာခင်မှာ အဆိုပြုဖို့ ရှိပါတယ်။

မနေ့က ရန်ကုန်မှာ ကျင်းပတဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီတွေရဲ့ အစည်းအဝေးမှာ အချိုးကျကိုယ်စားပြု မှု ရွေးကောက်ပွဲ စနစ်အကြောင်း ဆွေးနွေးခဲ့ကြပြီး ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဇူလိုင် လဆန်းပိုင်း ပြန်စမယ့် လွှတ်တော်တို့ထံ တင်ပြသွားမယ်လို့ ပါတီ ခေါင်းဆောင်တွေ က ပြောပါတယ်။

ဒီစနစ်အရဆိုရင် ရွေးကောက်ပွဲမှာရတဲ့ မဲအနည်းအများကို လိုက်လို့ ပါတီအသီးသီးရဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်အသီးသီးမှာ ကိုယ်စားပြုမှု ရလာမယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“ရွေးကောက်ပွဲကို ၀င်တဲ့အခါမှာ အခု ကျနော်တို့ လုပ်နေတဲ့အတိုင်း မဲဆန္ဒနယ် တနယ်မှာ ကိုယ်စားလှယ်တယောက် ရွေးတဲ့နည်းမဟုတ်ဘဲနဲ့ ပါတီစာရင်းထဲက ပါတီအလိုက် ကိုယ်စားလှယ်တွေ ရွေးတာပေါ့။ တနိုင်ငံလုံးမှာ စာရင်းတွေ ပေးထားတယ်၊ ပါတီတခုကနေ။ ကျနော်တို့ပါတီမှာဆိုရင် ဥပမာအားဖြင့် တနိုင်ငံလုံးမှာ လူ ၄၀၀ ရွေးမယ်ဆိုရင် ကျနော်တို့က စာရင်း ၄၀၀ ပေးလိုက်တယ်။ ၁၊ ၂၊ ၃၊ ၄ ပေါ့နော်။ အကြိုက်ဆုံးလူကို နံပါတ် ၁ ထားပြီးတော့။ အကယ်၍ မဲ ၁ သောင်း ရလို့ရှိရင် ကိုယ်စားလှယ်တယောက် ရွေးခံရမယ် တပြည်လုံးမှာ။ မဲ ၁ သိန်းရတယ်ဆိုရင် ကျနော်တို့ပါတီက ၁၀ ယောက်ပေါ့၊ ၁၊ ၂၊ ၃၊ ကနေ ၁၀ ထိ အရွေးခံရတာပေါ့။ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကလည်း ပြည့်ဝတယ်။ အခုဆိုရင် အခုစနစ်က မဲဆန္ဒရှင်တွေရဲ့ ကိုယ်စားလှယ်တွေက အပြည့်အ၀ လွှတ်တော်ထဲမရောက်နိုင်ဘူး။ ကျနော်တို့တင်ပြတဲ့ ပုံစံကျတော့ မဲဆန္ဒရှင်တိုင်းရဲ့ မဲတွေက အလဟဿ မဖြစ်တော့ဘူး၊ ကိုယ်စားလှယ်အဖြစ် ပါသွားနိုင်တယ်။ အဲဒီနည်းကို အဆိုပြုတာပါ။”
လက်ရှိ စကင်ဒီနေးဗီးယန်း နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ စနစ်မျိုးကို မြန်မာပြည်မှာ ကျင့်သုံးဖို့ အဆိုပြုမှာလို့  ဦးသုဝေကပြောပါတယ်။

ဒီစနစ်သစ်နဲ့ ပက်သက်လို့ အစည်းအဝေး တက်ရောက်လာတဲ့ “ဒီမို-မိတ်ဆွေ” ပါတီအသီးသီးက ကိုယ်စားလှယ်တွေ သဘောတူခဲ့ကြပြီး၊ ပါတီတွေရဲ့ သဘောထား အတည်ပြုပြီး ရင် ရွေးကောက်ပွဲ ကော်မရှင်နဲ့ လွှတ်တော်ကို တင်ပြသွားမယ်လို့ ဆိုပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက “ဒီမို-မိတ်ဆွေ” ပါတီတွေက ကိုယ်စားလှယ် ၁၆၀ နီးပါး ရွေးကောက်ခံ ရပြီး၊ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်တွေ အားလုံးရှုံးခဲ့ပါတယ်။

လစ်လပ်နေရာအနည်းငယ်အတွက် ကျင်းပတဲ့ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နေရာအားလုံးနီးပါးမှာ အနိုင်ရခဲ့ပေမယ့် လက်ရှိ လွှတ်တော် အသီးသီးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကပဲ အဆုံးအဖြတ်ပေးနိုင်တဲ့ အရေအတွက်ကို ချုပ်ကိုင်ထားဆဲဖြစ်ပါတယ်။

တကယ်လို့ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ စနစ်သစ်နဲ့ အစားထိုးနိုင်မယ်ဆိုရင် ပါတီစုံစနစ် ပီပီပြင်ပြင် ပေါ်လာဖွယ်ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီအင် အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

“အချိုးကျတော့ အချိုးကျပေါ့။ ပါတီပေါင်းစုံ အချိုးကျ ပြည်သူလူထု ကိုယ်စားပြုနိုင်အောင် အခုကျနော်တို့ အနိုင်ရသလို အကုန်ယူပေါ့။ ၅၁ ရာခိုင်နှုန်းနဲ့ ၄၉ ဆိုရင် ၅၁ ရတဲ့လူက နိုင်ပြီး အကုန်ယူပေါ့။ ၄၉ သမားကို ချန်ထားခဲ့ပြီး ၄၉ ကို မဲပေးတဲ့ လူတွေက ဘာမှကိုယ်စားပြုမှု မရဘူးဆိုတဲ့ အဖြစ်မျိုးကို မဖြစ်ရအောင် ပါတီငယ်လေးတွေ၊ တသီးပုဂ္ဂလတွေ၊ ပါတီကြီးတွေ အချိုးကျ ကိုယ်စားပြုမှုကို လွှတ်တော်ထဲမှာ ရရှိအောင် ဖန်တီးတဲ့စနစ်ပါပဲ။ ပြည်သူလူထုရဲ့ ကိုယ်စားပြုမှုရှိရမယ်၊ တပါတီတည်း ကြီးစိုးတဲ့ စနစ်ကို ဖျက်လိုက်ရမယ်။ ပါတီစုံ ဒီမိုကရေစီဆိုတဲ့ စနစ်နဲ့ သွားကိုက်ညီ မယ်။ ပြည်သူလူထုအတွက်လည်း မျှမျှတတ ဆန္ဒတွေကို အကုန်လုံး တင်ပြနိုင်ခွင့် ရှိသွားတာပေါ့၊ အဲဒီသဘောပါပဲ။”

ဒီမိုကရေစီမိတ်ဆွေပါတီများ မဟာမိတ်အဖွဲ့မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်)၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး ပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီတို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013