သင်ရိုးသစ် ပြောင်းလဲမှုနှင့် ရခိုင်ပြည် ပညာရေးအရွေ့
DVB
·
May 24, 2018
ကျနော်တို့နိုင်ငံရဲ့ ပညာရေးစနစ်သစ်အဖြစ် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်က စတင်ပြောင်းလဲခဲ့တဲ့ KG+5-4-3 စနစ်အရ အခြေခံပညာရေးကဏ္ဍမှာ ကလေးတွေဟာ အခြေခံပညာကို ၁၃ နှစ် သင်ယူကြရမှာ ဖြစ်ပါတယ်။
စနစ်သစ်ပြောင်းမည့် အစီအစဉ်ကို မသိသေးသူများအတွက် စာသင်နှစ်အလိုက် ပြောင်းသွားမည့်ပုံစံကို ဖော်ပြပေးလိုပါသည်။
မူလတန်းပညာရေးကို ၂၀၁၆-၁၇ KG ကစပြီး စနစ်သစ်ပညာရေး စတင်ခဲ့ပြီး ၂၀၁၇-၁၈ မှာ G 1 (ပထမတန်း) စနစ်သစ် ပြောင်းခဲ့ပါသည်။ ထို့အတူ-
၂၀၁၈-၁၉ ပညာသင်နှစ်တွင် G 2 ဒုတိယတန်း
၂၀၁၉-၂၀ ပညာသင်နှစ်တွင် G 3 တတိယတန်း
၂၀၂၀-၂၁ ပညာသင်နှစ်တွင် G 4 စတုတ္တတန်း
၂၀၂၁-၂၂ ပညာသင်နှစ်တွင် G 5 ပဉ္စမတန်း ပြောင်းမှာဖြစ်ပြီး မူလတန်းဆင့်က ပဉ္စမတန်းအထိ ပါမည် ဖြစ်ပါသည်။
အလယ်တန်းပညာရေးကို လာမည့်စာသင်နှစ် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် G 6 ဆဋ္ဌမတန်းမှစပြီး စနစ်သစ်ပြောင်းမည် ဖြစ်ပါသည်။
အလယ်တန်းပညာရေးစနစ်သစ်က-
၂၀၁၉-၂၀ G 6 ဆဋ္ဌမတန်း
၂၀၂၀-၂၁ G 7 သတ္တမတန်း
၂၀၂၁-၂၂ G 8 အဋ္ဌမတန်း
၂၀၂၂-၂၃ G 9 နဝမတန်းထိ
တဆင့်ပြီးတဆင့် ပြောင်းမည် ဖြစ်ပါသည်။
အထက်တန်းပညာရေးကို-
၂၀၂၀-၂၁ G 10
၂၀၂၁-၂၂ G 11
၂၀၂၂-၂၃ G 12 ထိ ပြောင်းမည် ဖြစ်ပါသည်။ ထို့ကြောင့် ၂၀၂၂-၂၃ ပညာသင်နှစ်သည် စနစ်သစ်ပညာရေး လုံးဝဖြစ်သွားသောနှစ် ဖြစ်ပါမည်။
သင်ရိုးသစ် ပြောင်းလဲမှုကြောင့် ဆရာ၊ ဆရာမတွေကြားမှာ တဦးနှင့်တဦး အမြင်မတူကြတာ၊ ခံယူချက် မတူကြတာတွေ တွေ့လာရပါတယ်။ ဆိုလိုတာက တချို့က သင်ရိုးသစ်ပြောင်းလဲမှုနဲ့အတူ သင်ကြားနည်းစနစ်တွေရဲ့ ပြောင်းလဲမှုကို လက်မခံချင်ကြတဲ့ သဘောပါ။ ဒီအခြေအနေဟာ နေရာတိုင်းနီးပါးမှာ အနည်းနဲ့အများတော့ ရှိကြပါလိမ့်မယ်။ ကျနော်တို့တွေဟာ အပြောင်းအလဲကိုတော့ လိုချင်ကြပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုကို ကိုယ်တိုင်ပါဝင်ဖို့ကျတော့ တွန့်ဆုတ်နေတတ်ကြပါတယ်။ ဒါကလည်း လူ့သဘာဝပါ။ ကျနော်တို့တွေဟာ အဟောင်းနဲ့ နေသားကျနေတာကို အသစ်ကို ပြောင်းလဲဖို့အတွက် အားထုတ်မှုတော့ လိုပါတယ်။ ပထမကတော့ အသစ်ကို ပြောင်းလဲလက်ခံလိုတဲ့ဆန္ဒက အဓိကကျပါတယ်။ အဟောင်းဆိုတာက လူတွေနဲ့ နေသားတကျ ဖြစ်ပြီးသားပါ။ အသစ်ကတော့ နေသားမကျသေးပါဘူး။ အဲဒီတော့ ကသိကအောက် ဖြစ်ရတာဟာ သဘာဝကျပါတယ်။
ပုဆိုးအသစ်နဲ့ အဟောင်းမှာ အသစ်က ဝတ်ရတာ အဆင်မပြေလှပါဘူး။ ဝတ်ဖန်များပြီး ဟောင်းလာမှ နေသားတကျနဲ့ ဝတ်ရတာ အဆင်ပြေလာပါတယ်။ ဒီသဘောပါပဲ။ အပြောင်းအလဲ ဆိုတာကလည်း အသစ်တခုကို ပြောင်းလဲစမှာတော့ ကသိကအောက် ဖြစ်စရာတွေနဲ့ ကြုံမှာပါပဲ။ ဒါပေမယ့် တဖြည်းဖြည်း နေသားကျလာမှာပါ။ ကျနော်တို့ ဆရာ၊ ဆရာမတွေ အနေနဲ့လည်း သင်ရိုးသစ်နဲ့ သင်ရိုးဟောင်း အပြောင်းအလဲဟာ အစမှာ ကသိကအောက် နိုင်ပါလိမ့်မယ်။ သင်ရိုးသစ်ကို သင်ကြားနည်းအသစ်နဲ့ သင်ကြားကြဖို့အတွက် ဆရာ၊ ဆရာမတွေအနေနဲ့ အစပိုင်းမှာ အားထုတ်မှုတော့ လိုပါလိမ့်မယ်။ တဖြည်းဖြည်း နေသားကျလာတာနဲ့အမျှ အဆင်ပြေသွားမှာပါ။ အရေးကြီးတာက အပြောင်းအလဲကို ကြိုးစားလုပ်နေဖို့ပါပဲ။ အလေ့အကျင့်ဟာ အလေ့အထ ဖြစ်လာမှာ သေချာပါတယ်။
ဘယ်အတိုင်းအတာအထိ ကျနော်တို့ ပြောင်းလဲနိုင်ကြသလဲ ဆိုတာက ကျနော်တို့ တယောက်ချင်းစီရဲ့ အရည်အသွေး၊ သဘောထား၊ စိတ်ရှည်သည်းခံနိုင်မှု၊ လုံ့လဝီရိယရှိမှုတွေနဲ့ သက်ဆိုင်ပါလိမ့်မယ်။ သင်ရိုးသစ်နဲ့ သင်ကြားနည်းအသစ်ဟာ ကလေးတွေရဲ့ စဉ်းစားတွေးခေါ်နိုင်မှု၊ တီထွင်ဖန်တီးနိုင်မှု၊ ပေါင်းသင်းဆက်ဆံရေး အစရှိတဲ့ အချက်တွေကို ဖွံ့ဖြိုးလာအောင် လေ့ကျင့်ပေးခြင်းမျိုး ဖြစ်ပါတယ်။ အလွတ်ကျက်ဖြေရတဲ့ စနစ်ဟာ ကလေးတွေရဲ့ စဉ်းစားတွေးခေါ်နိုင်မှု၊ တီထွင်ဖန်တီးနိုင်မှုတွေကို အားမပေးပါဘူး။
အကြောင်းအရာတခုကိုသာ သိပြီး အဲဒီအကြောင်းအရာရဲ့နောက်က အကျိုးဆက်တွေကို ဆက်ပြီး တွေးတောခြင်းကို အားမပေးပါဘူး။ ဒါကြောင့် ကျနော်တို့ဟာ လူသားအရင်းအမြစ်ကို ပြုစုပျိုးထောင်ရာမှာ နည်းစနစ်တွေကို လှေနံဓားထစ် မမှတ်ယူသင့်ပါဘူး။
ကျနော်တို့ ရခိုင်ပြည်နယ်ဟာ တိုင်းဒေသကြီးနဲ့ အခြားပြည်နယ်တွေထက်စာရင် ပညာရေးနိမ့်ကျနေတယ်ဆိုတာ ဆရာ၊ ဆရာမတိုင်း သိထားကြပြီး ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ ရခိုင်ပြည်နယ်က ဆရာ၊ ဆရာမတွေ ညံ့လို့ပါ။
ဒီနေရာမှာ ညံ့တယ်ဆိုတာ ပညာအရည်အချင်းကို မဆိုလိုပါဘူး။ ပညာအရည်အချင်းအားဖြင့် ကျနော်တို့ ရခိုင်ပြည်နယ်က ဆရာ၊ ဆရာမတွေဟာ မညံ့ကြပါဘူး။ ကျနော်တို့ ရခိုင်က ဆရာ၊ ဆရာမတွေ ညံ့တာက စိတ်ဓာတ်ပါ။ ဆိုလိုတာက တာဝန်ကျေ ပြီးပြီးရော လုပ်တတ်တဲ့ စိတ်ဓာတ်တွေ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတိုင်း စိတ်ဓာတ်ညံ့တယ်လို့တော့ မဆိုလိုပါဘူး။ အချို့ကိုသာ ပြောလိုခြင်း ဖြစ်ပါတယ်။ ရေများ ရေနိုင်၊ မီးများ မီးနိုင်ဆိုသလိုပဲ စိတ်ဓာတ်ညံ့တဲ့ ဆရာ၊ ဆရာမ ဦးရေဟာ ပိုများတဲ့အတွက် ပညာရေးနိမ့်ကျလာတယ်လို့ အကြမ်းအားဖြင့် သုံးသပ်လို့ရပါတယ်။
တကယ်တော့ ပညာရေးလုပ်ငန်းဟာ တာဝန်ကျေ လုပ်နေရုံနဲ့ မပြီးပါဘူး။ ကိုယ့်တပည့်တွေအပေါ် စစ်မှန်တဲ့ စေတနာနဲ့ ပြုစုပျိုးထောင်ပေးမှ အောင်မြင်တဲ့ အလုပ်လည်း ဖြစ်ပါတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်က ဆရာ၊ ဆရာမ အများစုဟာ အလုပ်ကို တာဝန်ကျေ လုပ်ကြတဲ့သူတွေ များသလို တချို့ကလည်း ရုံးနဲ့ညှိပြီး တာဝန်ပျက်ကွက်ကြတာတွေလည်း ရှိနေဆဲပါပဲ။ တယောက်ကိုတယောက် စောင့်ကြည့်ပြီး သူ ကျောင်းမတက်လို့ ငါ ကျောင်းမတက်ဘူးဆိုတဲ့ အပျက်ခြေရာ တိုင်းလာခြင်းတွေကြောင့်လည်း ပညာသင်ကြားရေးတွေမှာ လစ်ဟင်းမှုတွေ ဖြစ်နေကြဆဲပါပဲ။
ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ ရခိုင်ပြည်နယ်ရဲ့ ပညာရေးဟာ ဦးမော့လာစရာအကြောင်း မရှိပါဘူး။ စနစ်တွေ ဘယ်လိုပဲပြောင်းပြောင်း ဆရာ၊ ဆရာမတွေရဲ့ တဦးချင်း သဘောထားတွေ မပြောင်းလဲလာသမျှ ရခိုင်ပြည်နယ်ရဲ့ ပညာရေးဟာ အကျဘက်မှာပဲ ရှိနေဦးမယ်လို့ သုံးသပ်လို့ရပါတယ်။
ဒီနေရာမှာ အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျနော်တို့ ရခိုင်ပြည်ဘက်က ဆရာ၊ ဆရာမတွေရဲ့ ကွာခြားချက်ကို မြင်နိုင်မှာဖြစ်ပါတယ်။ အစိုးရက လစာအတူတူပေးထားတာပါ။ အခွင့်အရေးအားဖြင့်လည်း အတူတူပါပဲ။ ဒီလိုဆိုရင် ကျနော်တို့ ရခိုင်ပြည်နယ်ဘက်က ဆရာ၊ ဆရာမတွေအနေနဲ့ ဘာကြောင့် အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်က ဆရာ၊ ဆရာမတွေလို မလုပ်နိုင်ရတာလဲ။ ဒီနေရာမှာ တကယ်ကွာခြားသွားတာက စိတ်ဓာတ်ပဲဖြစ်ပါတယ်။ ကျနော်တို့ ဆရာ၊ ဆရာမတွေဟာ အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ကြသူများ ဖြစ်ပါတယ်။ အဲလိုလူတွေက ကိုယ့်အလုပ်ကို တာဝန်ကျေ ပြီးပြီးရော သဘောထားခြင်းဟာ ကျနော်တို့ လူမျိုးအတွက် နစ်နာပါတယ်။ စာရေးသူတို့ ဇာတိရွာနားက ရွာတရွာမှာ တာဝန်ကျနေတဲ့ ဆရာမတယောက်အကြောင်း တင်ပြချင်ပါတယ်။ အဲဒီဆရာမက မြို့ပေါ်ဇာတိပါ။ မြို့နဲ့က အလှမ်းနည်းနည်းဝေးတယ်။ သူ တာဝန်ကျတဲ့ရွာမှာ အဲဒီဆရာမဟာ ကျောင်းမတက်တာ များပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း ပိုင်ပုံရပါတယ်။ ဒါကြောင့်လည်း သူ နေချင်သလို နေလို့ရတာပါ။ တနေ့ အဲဒီဆရာမ သူ တာဝန်ကျတဲ့ရွာကို ရောက်နေတဲ့ရက်မှာ မြို့က သူ့ယောကျာ်းနဲ့ ဖုန်းပြောနေတာ ကြားလိုက်ပါတယ်။ သူ့ကလေးကို မူကြိုအပ်ထားတဲ့ ဆရာမက ကိစ္စတခုနဲ့ နယ်ကိုသွားတော့ နှစ်ရက်လောက် ကလေး ကျောင်းမတက်ရဘူးတဲ့။ အဲလိုသာပျက်နေရင် သူ့ကလေးကို တခြားဆရာမတယောက်ဆီ ပြောင်းအပ်မှ ဖြစ်တော့မယ်တဲ့။
စာရေးသူ တွေးမိပါတယ်။ အဲဒီဆရာမ သူ တာဝန်ကျတဲ့ရွာကို တလမှာ သုံးရက်လောက်ပဲ ရောက်တယ်။ ဆိုလိုတာက တလမှာ တပတ်လောက်ပဲ ရောက်တာပါ။ ရောက်တဲ့တပတ်မှာလည်း အသွားတရက် အပြန် တရက်ဆိုတော့ တကယ် ကျောင်းတက်ဖြစ်တာက သုံးရက်တည်းပါ။ တနင်္လာနေ့မှာ လာတယ်။ သောကြာနေ့ ပြန်တယ်။ နေတဲ့ သုံးရက်မှာလည်း သူဟာ သူ့တပည့်တွေကို ကြိုးစားပမ်းစား သင်တာမျိုး မကြားဖူးပါဘူး။ သူ့သားသမီးကျတော့ ကျောင်းနှစ်ရက်လောက်ပျက်တာ ဆွေ့ဆွေ့ခုန်နေတယ်။ သူ့တပည့်တွေ သူမရှိတဲ့ရက်တွေမှာ သူ့တာဝန်တွေ ဘယ်သူယူသလဲ။ ကျောင်းသားမိဘတွေကကော သူ့အပေါ် ဘယ်လိုမြင်သလဲ။ ဒါတွေကို အဲဒီဆရာမ ကိုယ်ချင်းမစာပါဘူး။ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဒီလိုဆရာမမျိုး ဘယ်နှယောက်လောက် ရှိနေမလဲ။ တကယ်ရင်လေးစရာ ကောင်းပါတယ်။ ဒါဟာ ဆရာ၊ ဆရာမတွေရဲ့ စိတ်နေသဘောထား၊ ခံယူချက်တွေနဲ့ ဆိုင်ပါတယ်။
ဌာနဆိုင်ရာကရော ဒီလိုမျိုး အခြေအနေတွေ ရှိနေတာကို တကယ်မသိတာလား။ များသောအားဖြင့် သိကြတာများပါတယ်။ ဘာကြောင့် ဒီလိုနေလို့ရသလဲဆိုတော့ သင်ကြားရေးပိုင်းက ဝန်ထမ်းတွေနဲ့ စီမံပိုင်းက ဝန်ထမ်းတွေဟာ ပုလင်းတူဘူးဆို့ ဖြစ်နေကြတဲ့ သဘောပါပဲ။
ဒီအချက်တွေကို စာရေးသူအနေနဲ့ ပုဂ္ဂိုလ်ရေးမုန်းတီးမှုနဲ့ ရေးသားခြင်း မဟုတ်ကြောင်း ဝန်ခံပါတယ်။ ဘယ်သူ့ကိုမှလည်း တိုက်ခိုက်လိုခြင်း မပါပါဘူး။ ကျနော်တို့ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ်အတွက် ပညာရေးဌာနဟာ အဓိကအခြေခံအကျဆုံးဌာနပဲ ဖြစ်ပါတယ်။ ပညာရေးဌာန မကောင်းရင် ဘယ်ဌာနမှ ကောင်းလာမှာ မဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ ဌာနဆိုင်ရာ ဝန်ထမ်းအားလုံးမှာ တာဝန်ထမ်းဆောင်ကြမယ့်သူတွေကို ပညာရေးဌာနကပဲ မွေးထုတ်တာ ဖြစ်ပါတယ်။
အခုအခါ သင်ရိုးသစ် ပြောင်းလဲခြင်းနဲ့အတူ ကလေးတွေအပေါ် ဆရာအနေနဲ့ ချဉ်းကပ်ပုံဟာလည်း ကွဲပြားလာခဲ့ပါပြီ။ သင်ရိုးသစ်ဟာ အထက်မှာပြောခဲ့သလို အကြောင်းအရာပိုင်းထက် အကျိုးဆက်ကို ပိုမိုအလေးပေး သင်ကြားရတဲ့စနစ် ဖြစ်ပါတယ်။
သင်ရိုးသစ်ပြောင်းလဲခြင်းရဲ့ တတိယမြောက် ခြေလှမ်းအဖြစ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ဒုတိယတန်းကို ပြောင်းလဲဖို့အတွက် ဆရာ၊ ဆရာမတွေကို သင်တန်းပေးပြီးလည်း ဖြစ်ပါတယ်။
ဒုတိယတန်း သင်ရိုးသစ်သင်တန်းနဲ့ ပတ်သက်လို့ ကျနော်တို့ ရခိုင်ပြည်နယ်က ဆရာ၊ ဆရာမတွေရဲ့ စိတ်အားထက်သန်မှုဟာ အားရစရာမရှိပါဘူး။ ဆရာ၊ ဆရာမ အနည်းစုကသာ စိတ်ဝင်တစား လေ့လာသင်ယူကြတာမျိုး တွေ့ရပါတယ်။ အများစုကတော့ ပြီးပြီးရောသဘောမျိုးနဲ့ စိတ်ဝင်စားမှု မရှိကြပါဘူး။ ဘာဖြစ်လို့ ခုလိုပြောနိုင်သလဲဆိုတော့ သင်တန်းတက်ရောက်ချိန်မှာ ဆရာ၊ ဆရာမတွေ သင်တန်းတက်ရောက်မှု ပျက်ကွက်တာတွေ များပါတယ်။ မစယသင်တန်းတခု ရှိနေတဲ့အတွက် သင်တန်း မတက်ရောက်နိုင်တဲ့ ဆရာ၊ ဆရာမတွေအတွက် ဇွန်လနဲ့ ဇူလိုင် နှစ်လမှာ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေနေ့တွေမှာ သက်ဆိုင်ရာ ကျောင်းနယ်မြေအလိုက် ပို့ချသွားဖို့တော့ ရှိနေပါတယ်။
ဌာနဆိုင်ရာ အခြားသင်တန်းတွေ၊ တရားဝင်ခွင့်ယူထားခြင်းမရှိဘဲ သင်တန်းပျက်ကွက်တဲ့ ဆရာ၊ ဆရာမတွေအတွက်ကတော့ အထက်ကို စာရင်းပို့ထားတယ်လို့တော့ သိရပါတယ်။ အရေးယူ လုပ်ဆောင်မယ့်အပိုင်းကတော့ မနှစ်က ပထမတန်းသင်ရိုးသစ် ပြောင်းတုန်းကလိုပဲ အီလည်လည်နဲ့ ပြီးသွားမယ်လို့ပဲ သုံးသပ်ရပါတယ်။ သင်ရိုးသစ်နဲ့ သင်ကြားရမယ့်စနစ်ဟာ ဆရာ၊ ဆရာမတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ် မူတည်ပြီး အောင်မြင်မှု အနည်းအများကို ဆုံးဖြတ်ပေးမယ့်စနစ်မျိုး ဖြစ်ပါတယ်။
ဆရာ၊ ဆရာမတွေရဲ့ ကြိုးစားအားထုတ်မှု နည်းလေ ကျနော်တို့ မျိုးဆက်သစ် ကလေးတွေရဲ့ အနာဂတ်ဟာ ရင်လေးစရာကောင်းလေ ဖြစ်မှာပါ။ အကြောင်းအရာပိုင်းထက် အကျိုးဆက်ကို ပိုမိုအလေးပေးလာတဲ့ သင်ရိုးစနစ်ဟာ ဆရာ၊ ဆရာမတို့ ကြိုးစားအားထုတ်မှုနဲ့ ကလေးတွေရဲ့အနာဂတ်ကို တိုင်းတာလာမှာ ဖြစ်ပါတယ်။
တနည်းအားဖြင့် တိုင်းပြည်ရဲ့အနာဂတ်ကို တိုင်းတာလာမယ့် အချက်ဆိုလည်း မမှားပါဘူး။ ဒါကြောင့် ကျနော်တို့ ရခိုင်ပြည်နယ်ဟာ သင်ရိုးသစ်ပြောင်းလဲခြင်းနဲ့ ပြည်နယ်ရဲ့ပညာရေးအရွေ့မှာ ကျနော်တို့ မျိုးဆက်သစ်ကလေးတွေအတွက် ဘယ်ရွေ့ဘယ်မျှ ပြောင်းလဲနိုင်ကြမလဲဆိုတာ ၂၀၂၃ ဆီကို မျှော်ရင်း စဉ်းစားချင့်ချိန်နိုင်ကြဖို့ အကြံပြု ရေးသားလိုက်ပါတယ်။
ပန်းသီကြိုး(ရသေ့တောင်)