Home
အနုပညာ
အရမ်းဝထားတော့ ဝိတ်ချရတာ ခက်နေတယ်ဆိုတဲ့ ရတနာဖြူဖြူအောင်
DVB
·
May 24, 2018
မျက်နှာချိုချိုလေးနဲ့ ပရိသတ်တွေ ချစ်ခင်မှုကို ရရှိပြီးသားဖြစ်တဲ့ သရုပ်ဆောင် ရတနာဖြူဖြူအောင်က ကိုယ်အလေးချိန် ပေါင် ၁၆၀ ကျော်တဲ့အထိ ဝသွားတဲ့အတွက် ဝိတ်ပြန်ချဖို့ ခက်နေပါတယ်လို့ ပြောပါတယ်။ “အရင်တုန်းက အရမ်းကို ဝသွားသေးတယ်။ ပေါင် ၁၆၀ ကျော်သွားတယ်။ အခုပြန်ချနေတယ်။ ပေါင် ၂၀ ကျော် ကျသွားတယ်။ နည်းနည်းထပ်ချရဦးမယ်။ ပိန်အောင် ကြိုးစားနေပါတယ်။ ပရိသတ်တွေရှေ့ကို ထွက်လာရင်တော့ ပိန်ပိန်လေးဖြစ်ဖို့ကို အဓိကထား လုပ်နေပါတယ်။ အရမ်းကို ဝထားတာဆိုတော့ တော်တော်ကို အချိန်ပြန်ယူရပါတယ်။ အစားလည်း ကြိုက်တော့ ဝိတ်ချရတာ နည်းနည်းခက်ပါတယ်” လို့ ဝိတ်ချနေတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ရတနာဖြူဖြူအောင်က ပြောပါတယ်။ သူမကတော့ ဗွီဒီယိုဇာတ်ကား တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး၊ မကြာခင် အချိန်မှာလည်း ပရိသတ်တွေဆီကို သူမရဲ့ တကိုယ်တော်အခွေတခွေ အရောက်ပို့ပေးသွားမယ်လို့ ပြောပါတယ်။ “ညီမရဲ့ တကိုယ်တော်သီချင်းခွေလေးအတွက်ပေါ့။ သီချင်းကလည်း ဆက်တိုက် အသံသွင်းနေပါတယ်။ ၈ လပိုင်းကျရင်တော့ သီချင်းခွေထွက်မယ်။ သီချင်းခွေ ထွက်ဖို့အတွက်ကို လုံးပန်းနေပါတယ်။ သီချင်းအမျိုးအစားကတော့ ညီမနဲ့ လိုက်မယ့် ပေါ့သီချင်း ချိုချိုလေးတွေ များမယ်။ R&B ဆန်ဆန်လေးတွေ ပါမယ်။ တေးရေးတွေကတော့ ဦးရွှေ၊ ဦးဂျော်ဂျော်၊ ဆရာမြင့်မိုးအောင် ပါမယ်။ ကိုဝေကြီးလည်း ပါမယ်။ ညီမကိုယ်တိုင် ရေးထားတဲ့ သီချင်းလေးလည်း ထည့်ဖို့ စီစဉ်ထားတယ်။ ညီမကိုယ်တိုင်ကလည်း သီချင်းအေးအေးလေးတွေ ကြိုက်တယ်။ အဲဒီအတွက် သီချင်းအေးအေးလေးတွေ ပိုများမယ်ပေါ့။ ပရိသတ်တွေအတွက် အကောင်းဆုံးပေးဖို့ကို ကြိုးစားနေပါတယ်။ သီချင်းခွေနာမည်ကို သေချာမရွေးရသေးဘူး။ ရွေးပြီးရင်တော့ ပြောပြမှာပါ။ ၈ လပိုင်းလောက်တော့ နောက်ဆုံးထားပြီး ထွက်မယ်လို့ စဉ်းစားထားတယ်” လို့ ရတနာဖြူဖြူအောင်က ပြောပါတယ်။ သရုပ်ဆောင် ရတနာဖြူဖြူအောင်အနေနဲ့ ကိုးတန်းကျောင်းသူဘဝကတည်းက သီချင်းတွေကို ရေးသားခဲ့ပြီး၊ တကိုယ်တော်အခွေမှာလည်း သူမ ရေးထားတဲ့ ကိုယ်ပိုင်သီချင်း တပုဒ်အပါအဝင် သီချင်းအပုဒ်ရေ ၁၂ ပုဒ်ထည့်ဖို့ စဉ်းစားထားကြောင်း၊ သီချင်းခွေထွက်လာရင် ပရိသတ်တွေအနေနဲ့ အားပေးကြဖို့ကိုလည်း ထပ်မံပြောပြထားပါတယ်။ ကြယ်စု
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024