ဝန်ကြီးဦးအောင်မင်း ဒေါက်တာစင်သီယာမောင်နှင့် ကျန်းမာရေးကိစ္စ ဆွေးနွေး
နော်နိုရင်း
·
June 27, 2012
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်းဟာ ထိုင်း-မြန်မာနယ်စပ်မှာ ဆယ်စုနှစ်နှစ်ခုကျော် အခမဲ့ဆေးကုသပေးနေတဲ့ ဒေါက်တာစင်သီယာမောင်နဲ့ တွေ့ဆုံပြီး နယ်စပ်ဒေသက ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြောဆိုဆွေးနွေး ခဲ့ပါတယ်။
ဇွန်လ ၂၆ ရက် နေ့ခင်းပိုင်းက မဲဆောက်မြို့ ၀ါတနာရီဆော့တ်မှာ တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းတွေကို ပြည်တွင်းမှာ ရှိတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားရေး ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။
“နယ်စပ်ဒေသရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေကို ကျမတို့က အချက်အလက်တွေ ပြောပြပေးတာပါပဲ။ အဓိကတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ကျန်းမာရေးစနစ်နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကျန်းမာရေးဌာနနဲ့က ပူးပေါင်းဆောင်ရွက်ဖို့ အများကြီး လိုအပ်တယ်ပေါ့။ ကျမတို့ လူမှုအခြေပြု အဖွဲ့အစည်းတွေကတော့၊ အစိုးရတွေကနေပြီးတော့ နယ်စပ်မှာရှိတဲ့ အလုပ်တွေကို ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာတယ် ဆိုရင်တော့ ကျမတို့မှာ ရှိနေတဲ့ အလုပ်တွေက နည်းနည်း ၀န်ပေါ့သွားတာပေါ့လေ။
“ရွှေ့ပြောင်းမြန်မာကျောင်းမှာ အခြေခံပြီးတော့ နယ်စပ်ရောက်နေတာတွေ တချို့က စစ်ပြေးတွေ၊ ပြည်တွင်းထဲကနေ ဒီမှာ လာရောက်နေပြီး အခြေတကျ ဖြစ်နေတဲ့သူတွေ၊ ထိုင်းနိုင်ငံထဲမှာ ဘယ်လို နေထိုင်စားသောက်ကြလဲ။ ပညာရေးတွေကို ဘယ်ကနေ လက်လှမ်းမီနေလဲဆိုတာတွေကို သူတို့ ပိုပြီး နားလည်သွားမယ်လို့ ယုံကြည်ပါတယ်။”
ဒီတွေ့ဆုံမှုဟာ အစိုးရဘက်က ၀န်ကြီးအဆင့်ပုဂ္ဂိုလ်တဦးက စစ်ပြေးဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း မြန်မာနိုင်ငံသားတွေကို နှစ်ပေါင်း ၂၀ ကျော် အခမဲ့ ဆေးဝါးကုသပေးနေတဲ့ ဒေါက်တာစင်သီယာမောင်ကို ပထမဆုံးတွေ့ဆုံမှု ဖြစ်ပါတယ်။ တွေ့ဆုံပြီနောက် ၀န်ကြီးနဲ့အဖွဲ့ဟာ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို သွားရောက်ကြည့်ရှုပြီး အတိုက်အခံအဖွဲ့ ၄ ဖွဲ့ကိုလည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ဒီနေ့ မနက်အစောပိုင်းမှာလည်း မယ်တော်ဆေးခန်းက မွေးလူနာဌာန၊ မျက်စိခွဲတဲ့ဌာနနဲ့ ကလေးထိန်းလူနာဆောင်ကိုလေ့လာပြီး အလှူငွေ ထိုင်းဘတ်ငွေ ၁ သိန်းခွဲ လှူဒါန်းသွားသလို လူနာတဦးချင်းစီကို အလှူငွေတွေ ပေးအပ်လှူဒါန်းသွားတယ်လို့ ဒေါက်တာ စင်သီယာမောင်က ပြောပါတယ်။
“မွေးလူနာဌာန၊ မျက်စိခွဲတဲ့ဌာန၊ ကလေးလူနာဆောင်ကို ကျမတို့ လိုက်ပြသပေးပါတယ်။ လူနာတွေ ဘယ်ကနေ ဆေးလာကုလဲပေါ့။ ပြည်တွင်းထဲက လာတဲ့ လူနာတွေ၊ ဘာရောဂါ အမျိုးအစားလဲ။ အဲဒါမျိုးတွေ ကျမတို့ ရှင်းပြပါတယ်။ လူနာ ကလေးအထူးကုဆောင် တက်နေတဲ့ ကလေးတဦးချင်းကိုလည်း အလှူငွေ ပေးသွားပါတယ်။ ကျမတို့ နယ်စပ်လုပ်ငန်းအတွက်လည်း ငွေ (ဘတ်) ၁ သိန်းခွဲ လှူသွားပါတယ်။”
ဒီနေ့ ဇွန် ၂၇ ရက်နေ့မှာတော့ ဦးအောင်မင်းအဖွဲ့ဟာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (ပီအန်အယ်လ်အို)၊ လူအခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)နဲ့ ထိုင်း-မြန်မာနယ်စပ်ကူညီရေးအဖွဲ့ (တီဘီဘီစီ)နဲ့ ဘန်ကောက်မြို့မှာ ညနေပိုင်း တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/aung min/]