Homeမြန်မာသတင်း
ပဲခူးအရှေ့ခြမ်းရှိကျောင်းများတွင် ရွေ့လျှားစာကြည့်တိုက်နှင့် စာအုပ်အငှားဝန်ဆောင်မှုပေးမည်
ပဲခူးအရှေ့ခြမ်းရှိကျောင်းများတွင် ရွေ့လျှားစာကြည့်တိုက်နှင့် စာအုပ်အငှားဝန်ဆောင်မှုပေးမည်
DVB
·
May 24, 2018
ပဲခူးတိုင်းအရှေ့ခြမ်းမှာရှိတဲ့ စာသင်ကျောင်းတွေမှာ ဇွန်လကစလို့ ကလေးတွေ စာဖတ်ရှိန်မြှင့်တင်နိုင်ဖို့ရည်ရွယ်ပြီး ရွေ့လျှားစာကြည့်တိုက်နဲ့ စာအုပ်အငှား ဝန်ဆောင်မှု ပေးသွားဖို့ရှိပါတယ်။
ဒီအစီအစဉ်ကို ဂျပန်နိုင်ငံက ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့နဲ့ ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူပေါင်းပြီး ၂၀၁၄ ခုနှစ်ကစတင်ကာ ပဲခူးတိုင်း အနောက်ခြမ်းမှာ ပြုလုပ်လာခဲ့တာဖြစ်ပြီး ဒီနှစ် ကျောင်းဖွင့်ရာသီမှာတော့ ပဲခူးတိုင်း အရှေ့ခြမ်းမှာလုပ်ဆောင်မှာဖြစ်ပါတယ်။
ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့က ထောက်ပံ့ပေးတဲ့ ဂျပန်-ထိုင်းပုံပြင်စာအုပ်တွေကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဝန်ထမ်းတွေနဲ့ ဆရာ/ဆရာမတွေနဲ့ ပူးပေါင်းပြီး ကလေးတွေကို ပုံပြောပြခြင်း၊ စာအုပ်ငှားရမ်းခြင်း၊ စာဖတ်ပြခြင်း၊ ပြဇာတ်ပြခြင်းတွေကို ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဒေါ်နီနီဝင်း ညောင်လေးပင်မြို့နယ် ပြန်ဆက်ဒုဦးစီးမှူးက ဒီဗွီဘီ ပြောပါတယ်။
“ကျမတို့ ကိုသူတို့ အဖွဲ့က သင်တန်းပေးထားပြီးပါပြီ။ ပထမတခေါက်လောက်ပဲသူတို့ အဖွဲ့ကကျောင်းတွေကို လိုက်မှာပါ။ နောက်ပိုင်းကျမတို့ ဝန်ထမ်းတွေပဲ ကျောင်းတွေကိုသွားရောက်ပြီး စာဖတ်ပြတာ ငှားရမ်းတာ ပုံပြောပြတာတွေနဲ့ ဆရာ/ဆရာမတွေကိုပါ စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းတွေကိုပါ သင်တန်းပေးသွားမှာ”
ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့အနေနဲ့ ရွေ့လျှားစာကြည့်တိုက်နဲ့ စာအုပ်အငှား ဝန်ဆောင်မှု ကို ၃ နှစ်စီမံကိန်းအနေနဲ့ မြို့နယ်တမြို့နယ်ရှိ ကျောင်း၁၅ ကျောင်းမှာ တကျောင်းကို ၂ ကြိမ် ပြုလုပ်သွားမယ်လို့ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်