Home
မြန်မာသတင်း
ဖာပွန်ခရိုင်အတွင်း အစိုးရတပ်ဖွဲ့တချို့ ပြန်ရုပ်သိမ်း၊ အများအပြားကျန်ရှိနေ
နော်နိုရင်း
·
May 23, 2018
  ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ခေးပူနဲ့ လယ်မူပလောဒေသမှာ လမ်းပြင်လမ်းဖောက်နေတဲ့ အစိုးတပ်တချို့ မနေ့ မေလ ၂၂ ရက်နေ့ကစပြီး ပြန်လည်ရုပ်သိမ်းသွားသွားပေမယ့် အများအပြား ကျန်နေသေးတယ်လို့ ကေအန်ယူ တပ်မဟာ-၅ ရုံးတာဝန်ခံ ဗိုလ်မှူးကလယ်ဒိုက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက အဆိုပါဒေသမှာ အစိုးရ တပ်မတော်က စစ်တပ်အင်အား ၈၀၀ ခန့်တိုးချဲ့ခဲ့ရာကနေ မနေ့က ၂၀၀ ကျော် ပြန်လည် ရုပ်သိမ်းခဲ့တာလို့ ပြောပါတယ်။ “မနေ့ ၂၂ ရက်နေ့မှာ စပြီး ပြန်သွားတယ်။ ပြန်ဆင်းသွားတဲ့ အင်အားတိတိကျကျတော့ မရသေးဘူး။ ဒါပေမယ့် မနေ့က လယ်မူပလောကနေ ကော်ထယ်ဒဲကို ပြန်ဆင်းသွားတာ ၂၇၀ ပေါ့နော်။ ဒီမနက် ရှေ့တန်းက တာဝန်ရှိတဲ့လူတွေ သတင်းပေးပို့ချက်အရကတော့ ဘူဒိုဇာတွေ က ခေးပူစခန်းကနေ ကော်ထယ်ဒဲဘက်ကို ပြန်တက်သွားတယ်တယ်။ ကော်ထယ်ဒဲကိုတော့ ကျော်လွန်သွားပြီပေါ့နော်။”လို့ပြောပါတယ်။ တပ်တချို့ ပြန်လည်ရုပ်သိမ်းသွားပေမယ့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ရွာသူရွာသား တွေကတော့ အိမ်မပြန်ရဲကြသေးဘူးလို့ ပြောပါတယ်။ “သူတို့ မပြန်ရဲသေးဘူး။  စောင့်နေတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ တပ်ကဒီလောက်ပဲ ပြန်ဆင်းတာ အနည်းအကျဉ်းပဲ ရှိသေးတာပေါ့နော်။ အများကြီးကျန်နေသေး တာပေါ့။ တပ်အင်အားက ပထမ တက်လာတုန်းကတော့ ၈၀၀ ၀န်းကျင်ပေါ့နော်။ ပြန်ဆင်းတာ ၂၀၀ ကျော်ပဲရှိသေးတယ်ဆိုတော့ ၆၀၀ လောက်ရှိသေးတာပေါ့နော်။ ” ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ရဲ့ မေ ၁၇ ရက်က ရန်ကုန်မှာ တွေ့ဆုံရာမှာ ခေးပူ-လယ်မှုပလော ကားလမ်းကို ယာယီရပ်ဆိုင်ဖို့၊ ကားလမ်းဖောက်ရာမှာ လုံခြုံရေးတာဝန်ယူထားတဲ့တပ်တွေ ပြန်ရုပ်သိမ်းသွားဖို့နဲ့ ဒေသခံ တိုင်းရင်းသားတွေ အေးချမ်းစွာ နေထိုင်လုပ်ကိုင် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ဖို့ သဘော တူညီမှုရရှိခဲ့ကြတာပါ။ လက်ရှိမှာတော့ တပ်တချို့ပြန်လည်ဆုတ်ခွာသွားပေမယ့် သဘောတူညီချက်အရ ယာယီ သာရပ်ဆိုင်းတဲ့အတွက် ပြန်လာမှာကို စိုးရိမ်ကြောင်းလည်း ဗိုလ်မှူး ကလယ်ဒိုက ပြောပါတယ်။ “ပြန်ဆုတ်သွားတယ်ဆိုတာကတော့ အထက်က ခေါင်းဆောင်တွေ အချင်းချင်းသွား တွေ့ဆုံပြီးတော့ ညှိနှိုင်းတဲ့အပေါ်မှာလည်း ပါမှာပေါ့နော်။ နောက်တခုက အခုကာလက မိုးဦး ကာလဆိုတော့ မိုးကလည်းကျလာပြီဆိုတော့ သူက လုပ်ငန်းလုပ်ဖို့ အခက်အခဲတော့ ရှိလာပြီ ဆိုတော့ သူတို့ ရပ်ထားတဲ့သဘောမျိုးလည်းဖြစ်နိုင်တယ်လို့ ဦးအနေနဲ့ကျတော့ အဲလိုပဲ ယူဆ တယ်တယ်။ သူပြောတာက ယာယီပဲဆိုတော့ အကယ်၍သည်မိုးကုန်သွားလို့ နောက်နွေရောက် လာလို့ရှိရင် သူတို့ ပြန်ပြီးတော့ စမလားအဲဒါတော့ မပြောတတ်ဘူးပေါ့နော်။” ဖာပွန်ခရိုင်၊ လူသောမြို့နယ် ခေးပူနဲ့ လယ်မူပလောရွာကြားမှာ ကားလမ်းဖောက်လုပ်ဖို့  ပြီးခဲ့တဲ့ မတ်ဆန်းကစပြီး အစိုးရတပ်က စစ်အင်အားတိုးချဲ့ ဝင်ရောက်လာတာကြောင့် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသတွင်း ကျေးရွာ ၁၆ ရွာ၊ လူပေါင်း ၂၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024