Home
ဆောင်းပါး
ချေးငွေ သံသရာ
DVB
·
May 23, 2018
"ပဲဈေးက မချိမဆံ့ ကျသွားတဲ့အတွက် လယ်သမားတွေလည်း ငွေရှာကြတာ ဒေါင်းတောက်နေတာပဲ။ တချို့လယ်သမားဆို ဆွဲကြိုးချ သေသွားတယ်။ တချို့ အဆိပ်သောက်သေတဲ့ လယ်သမားလည်း သောက်သေတယ်။ ရှက်လို့၊ ပိုက်ဆံရှာမရလို့ အခက်အခဲရှိလို့ မဆပ်နိုင်တာကို မဆပ်ချင်လို့လို့ ပြောတယ်။" ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက လယ်သမား ဦးသိန်းအောင် ပြောတာဖြစ်ပြီး ရုပ်သံသတင်းတခုမှာပါတဲ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာတဦးရဲ့ စကားကို မကျေမချမ်းဖြစ်ဖြစ်နဲ့ ပြောခဲ့တာဖြစ်တယ်။ ဘဏ်မန်နေဂျာက လယ်သမားတွေဟာ စိုက်ပျိုးစရိတ်ချေးငွေကို ပြန်မဆပ်ချင်ကြဘူးလို့ ရုပ်သံမှာ ပြောခဲ့တာဖြစ်တယ်။ လယ်သမားတွေဘက်က ကြည့်တော့ ကြွေးမဆပ်နိုင်လို့ သတ်သေကြဆိုတဲ့အဖြစ် ဖြစ်ပြီး အင်မတန် ဝမ်းနည်းစရာ ဖြစ်ရတယ်။ တခါ အခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးမယ့်နေရာမှာလည်း ချေးမယ့်စနစ် ပြောင်းလိုက်ပြန်တာက လယ်သမားတွေအတွက် အခက်တခု ဖြစ်ကြပြန်တယ်။ လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဒီနှစ် စိုက်ပျိုးစရိတ်ချေးတဲ့အခါ အရင်နှစ်လို ဝိုင်းလေးချုပ်ပုံစံနဲ့ ထုတ်မချေးတော့ဘဲ လယ်သမားက သူ့မှာရှိတဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ မူရင်းကို ဘဏ်မှာ အပေါင်ထားပြီး ထုတ်ချေးမယ်လို့ ကြေညာခဲ့တယ်။ ဘဏ်မှာ အပေါင်ထားရမယ်ဆိုတဲ့ ပုံစံ ၇ ဟာ လယ်သမားတွေရဲ့ ငွေရပေါက်ဖြစ်နေလို့ လယ်သမားတွေအတွက် အဆင်မပြေ ဖြစ်နေတာပါ။ "၁ သိန်းခွဲပဲ ချေးပြီးတော့ ဒီ ပုံစံ ၇ ကို ယူထားမယ် ဆိုတာဟာ ကျနော် ပြောတာက ယူထားပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် ထိုက်ထိုက်တန်တန် အနည်းဆုံးဗျာ လယ်တန်ဖိုးရဲ့ တဝက်လောက်တော့ ချေးသင့်တာပေါ့ဗျ။ ခုတော့ ဒီ တဧက ၁ သိန်းခွဲနဲ့ စိုက်စရိတ်တောင် မလောက်ဘူး။ ကျန်တဲ့ မိသားစုရဲ့ စားစရိတ်တွေ အသုံးစရိတ်တွေ ရှိသေးတယ်။ ကျနော်ပြောတာ ၅ သိန်းချေး၊ ယူထား။ ပုံစံ ၇ နဲ့ တခြားမှာ ငွေရှာလို့ရနိုင်တာကြောင့် အခုလို ဘဏ်မှာ အပေါင်အဖြစ် ပေးထားရမယ်ဆိုရင် တခြားမှာ ငွေရှာလို့ မရနိုင်တော့ဘူး။” ဓနုဖြူမြို့နယ် လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင် ပြောတာပါ။ လယ်ယာဖွံ့ဖြိုးရေးဘဏ်ဘက်ကတော့ နောက်ဆက်တွဲ ကြေညာချက်နဲ့ တထစ်လျှော့ထားပါတယ်။ အဲဒါကတော့ သမဝါယမဘဏ် ဒါမှမဟုတ် ဘဏ်တခုခုက မန်နေဂျာတဦးဦးဆီမှာ ပုံစံ ၇ မိတ္တူထားပြီး ဘဏ်မန်နေဂျာရဲ့ ထောက်ခံချက်နဲ့ စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးနိုင်တယ် ဆိုတာပါပဲ။ ဒီအတောအတွင်းမှာပဲ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်တရပ်ကနေ လယ်သမားတွေအတွက် သတင်းတခု ထွက်လာပြန်တယ်။ မေလ ၁၇ ရက် ပြည်သူ့လွှတ်တော်  အစည်းအဝေးမှာ စီမံကိန်းနဲ့ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက တောင်သူလယ်သမားများအတွက် နှစ်ရှည်ချေးငွေတွေ ထုတ်ချေးပေးဖို့ စီစဉ်လုပ်ဆောင်နေပြီလို့ ပြောခဲ့တယ်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ချေးငွေ ကျပ် ဘီလီယံ ၁၈၀ နဲ့ လယ်သမားတွေ လယ်ယာသုံးစက်ကိရိယာတွေ ဝယ်ယူနိုင်ဖို့ ငွေထုတ်ချေးပေးနေတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ မြန်မာ့စီးပွားရေးဘဏ်ကနေ ငွေကျပ် ဘီလီယံ ၂၀၀ ချေးပြီး တောင်သူလယ်သမားတွေကို နှစ်ရှည်ချေးငွေ ထုတ်ချေးဖို့ စီစဉ်ထားတယ်လို့လည်း ဒုဝန်ကြီးက ပြောသွားတယ်။ ဒုဝန်ကြီးပြောတဲ့ ကျပ်ဘီလီယံ ၁၈၀ နဲ့ လယ်ယာသုံးစက်ကိရိယာဝယ် ဆိုတဲ့ကိစ္စကလည်း လတ်တလောမှာ လယ်သမားတွေ အလုပ်မဖြစ်တော့ပြန်ဘူး။ အစပိုင်းမှာ ချေးပြီး စက်ကိရိယာဝယ်တဲ့ လယ်သမားက စက်မဝယ်ရသေးတဲ့ လယ်သမားကို တဆင့်ငှားပြီး ငှားရမ်းခနဲ့ အဆင်ပြေခဲ့ကြပေမယ့် နောက်ပိုင်းမှာ ချေးငွေနဲ့ စက်ကိရိယာ ဝယ်ယူကြတဲ့ လယ်သမား များလာပြီး ငှားရမ်းခ မရတော့ အဆင်မပြေ ဖြစ်ပြန်တယ်။ ဒီအချက်က ဘာကိုပြနေသလဲဆိုရင် ငွေထုတ်ချေးတာ လယ်သမားအတွက် အဆင်ပြေတဲ့နည်းလမ်း မဟုတ်ဘူးဆိုတာပဲ ဖြစ်တယ်။ အရင် စိုက်ပျိုးစရိတ် တဧက ကျပ်ငါးသောင်း ထုတ်ချေးတုန်းကလည်း လယ်သမား အဆင်မပြေခဲ့ဘူး။ ဟော အခု တဧက ကျပ်တသိန်းခွဲ ထုတ်ပေးလည်း လယ်သမားအတွက် အဆင်မချောပြန်ဘူး။ ဆိုတော့ ငွေထုတ်ချေးတာ အဖြေမဟုတ်ဘဲ တခြားနည်းလမ်းသစ်တွေ ရှာကြံလုပ်ဆောင်ကြည့်မှပဲ အဆင်ပြေ အဆင်ချောနျိုင်တာ တွေ့မြင်နိုင်တယ်။ လယ်သမားနဲ့ ကုမ္ပဏီနဲ့ ပေါင်းပြီး လယ်လုပ်ကြည့်မလား၊ ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော်ပြီး ပြောင်းလဲကြည့်ကြမလား။ ဒေါ်အောင်ဆန်းစုကြည် တခါက ပြောဖူးသလို ၂၁ ရာစု အတွေးအခေါ်တွေနဲ့ လယ်ယာကဏ္ဍကို အမြန်ပြောင်းဖို့လိုပြီ။ ချေးငွေသံသရာနဲ့ ဆက်သွားပြီး ဖြေရှင်းနေရုံနဲ့ကတော့ ချေးငွေအကျေ ပြန်မဆပ်နိုင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ လယ်သမားအရေအတွက် များလာဖို့ပဲ ရှိတယ်။ ကိုရွှေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024