Home
ရုပျသံ
ငြိမ်းချမ်းရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဘာကြောင့်လုပ်နေရတာလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
May 23, 2018
မေလအတွင်းမှာ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြ လှုပ်ရှားမှုတွေ အများကြီး ရှိနေပါတယ်။ အဲဒါနဲ့ပတ်သက်လို့ တရားစွဲဆိုမှု ၁၄ မှု ရှိခဲ့သလို တရားစွဲခံထားရတဲ့ လူ ၄၅ ယောက်အထိ ရှိခဲ့ပါတယ်။ မြစ်ကြီးနားက စပြီးတော့ ရန်ကုန်အထိ ငြိမ်းစုစီ ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့သူတွေနဲ့ ပတ်သက်လို့ ဒီတပတ် အယ်ဒီတာစကားဝိုင်းမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဆွေးနွေးမယ့်သူတွေကတော့ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ Generation Wave အဖွဲ့က မအိအိမိုးတို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “အခုရက်ပိုင်းအတွင်းမှာ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို အင်အားသုံး ဖြိုခွင်းခံရတာတွေ ရှိတယ်။ ဘာကြောင့် ငြိမ်းချမ်းရေး ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်နေရတာလဲ။ အခုအခြေအနေမှာ ဘာတွေဖြစ်နေလဲ မအိအိမိုး စပြီး ဆွေးနွေးပေးပါဦး။” မအိအိမိုး (Generation Wave) “ငြိမ်းချမ်းရေးအတွက် လူငယ်တွေ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပြောရရင် မနေ့တနေ့ကမှ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားခဲ့တာ မဟုတ်ဘူးပေါ့နော်။ ၂၀၀၉ ခုနှစ်ကနေစပြီး မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်တွေ ဖြစ်နေတယ်ဆိုတာ အသိပေး လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်။ ကျမတို့နဲ့အတူတူ လူငယ်တွေ ပူးပေါင်းပါဝင်ဖို့အတွက် ဖိတ်ခေါ်ခဲ့တယ်။ တလက်စတည်းမှာ ပြည်တွင်းစစ်တွေရပ်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေ၊ နိုင်ငံရေးစကားဝိုင်းတွေ လုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ကျမတို့ ဆက်တိုက် လှုပ်ရှားလာခဲ့တယ်။ ကြားထဲမှာလည်း နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်လာတယ်ပေါ့။ တဖက်မှာလည်း စစ်ပွဲတွေက ဖြစ်နေတုန်းပဲ။ ဒီစစ်ပွဲတွေ ရှိနေသေးသရွေ့ ကျမတို့ လူငယ်တွေဟာ ငြိမ်းချမ်းရေးကို ပုံစံမျိုးစုံနဲ့ တောင်းဆိုနေမှာပဲဆိုပြီး လူငယ်တွေ စဆုံဖြစ်တယ်။ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ခေါင်းစဉ်နဲ့ဆိုရင် အရင်နှစ်တွေကလည်း လူထု ချီတက်လမ်းလျှောက်ပွဲတွေ လုပ်ခဲ့တယ်။ ကျမတို့ တောင်းဆိုသံတွေကလည်း ဒီဟာတွေပဲ တောင်းဆိုတာပေါ့။ အရင်ဆုံးတော့ စစ်ပွဲတွေ ရပ်ပေး၊ စစ်ပွဲတွေ ရပ်ပေးပါလို့ တောင်းဆိုတဲ့ နေရာမှာ တပ်မတော်ဘက် တခုတည်းကို ကျမတို့က ရပ်ခိုင်းတာမဟုတ်ဘဲ လက်နက်ကိုင်ပြီး တိုက်နေတဲ့ ဘယ်တိုင်းရင်းသားတွေပဲဖြစ်ဖြစ်၊ လက်နက်ကိုင်ပြီး အကြမ်းဖက်နေတဲ့ ဘယ်သူတွေပဲဖြစ်ဖြစ် ရပ်ခိုင်းတာ။ စစ်ပွဲသည် အဖြေမဟုတ်ဘူး။ တိုက်ပွဲတွေတိုက်နေလို့ ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူး။ ကိုယ်လိုချင်တာလည်း ရမှာမဟုတ်ဘူး။ တကယ့်တကယ်တမ်း ထိခိုက်ခံစားရတာက ပြည်သူတွေပေါ့။ ပြည်သူဆိုတဲ့နေရာမှာ တပ်မတော်ရဲ့ မိသားစုဝင်တွေလည်း ပြည်သူပဲ။ တိုင်းရင်းသားတွေရဲ့ မိသားစုဝင်တွေလည်း ပြည်သူပဲ။ ဒီကြားထဲမှာ ပြေးလွှားနေရတဲ့ အပြစ်မဲ့ စစ်ဘေးသင့်ပြည်သူတွေကလည်း ပြည်သူပဲ။ တကယ် ဒုက္ခခံရတာဟာ ဒီပြည်သူတွေ ဖြစ်တယ်။ ဒါကြောင့်မို့လို့ စစ်ပွဲတွေ ရပ်ပေးပါ။ လက်နက်ကိုင်ပြီး တိုက်နေတဲ့ ဘယ်သူမဆို ရပ်ပေးပါဆိုတာ ကျမတို့ တောင်းဆိုတယ်။ လက်ရှိအစိုးရကနေ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းတွေကို အမြန်ဆုံး ဖော်ဆောင်ပေးဖို့အတွက် ကျမတို့ တောင်းဆိုတာတွေ ရှိတယ်။ စစ်ဘေးသင့် ပြည်သူတွေကို နိုင်ငံတကာကရော၊ ပြည်တွင်းအဖွဲ့အစည်းတွေကရော ထောက်ပံ့ပေးချင်တာတွေ ရှိတယ်။ အဲဒီမှာ အကြောင်းမျိုးစုံပြပြီး ပိတ်ပင်တားဆီးခံရတာတွေ ရှိတယ်။ ရန်ကုန်မှာဆိုရင်လည်း စစ်ဘေးသင့်ပြည်သူတွေကို ကူညီဖို့အတွက် အလှူခံတဲ့ လူငယ်တွေကို တားဆီးတယ်။ တရားစွဲဆိုတာတွေ ရှိတယ်။ စစ်ဘေးသင့်ပြည်သူတွေကို လွတ်လွတ်လပ်လပ် ကူညီထောက်ပံ့ခွင့် ရရှိဖို့၊ အကာအကွယ်ပေးဖို့၊ ဥပဒေပိုင်းဆိုင်ရာအရရော တခြားအခွင့်အရေးဆိုင်ရာအရရော စစ်ဘေးသင့် ပြည်သူတွေကို ကာကွယ်ပေးဖို့ ကျမတို့ တောင်းဆိုခဲ့တယ်ပေါ့။ အဲဒီရည်ရွယ်ချက်နဲ့ ကျမတို့ ၁၂ ရက်နေ့မှာ ဆန္ဒပြပွဲကို လုပ်တယ်။ ကျမတို့ဟာ လက်ရှိ တည်ဆဲဥပဒေတွေကို လေးစားတဲ့အနေနဲ့ အသိပေး အကြောင်းကြားစာ ပို့ခဲ့တယ်။ ကျမတို့ကို ခွင့်မပြုဘူးလို့ ပြောတယ်။ ကျမတို့က တလက်စတည်း ပြောထားပြီးသား။ ကျမတို့ အသိပေး အကြောင်းကြားတာပဲ ဖြစ်တယ်။ ဒီလို အသိပေး အကြောင်းကြားစာ ပို့ရတဲ့ ရည်ရွယ်ချက်ဟာ ကျမတို့ကို လုံခြုံရေးပိုင်းဆိုင်ရာအရ၊ ယာဉ်ကြောပိတ်ဆို့မှုအရ ကူညီဖြေရှင်းပေးလို့ရအောင် အသိပေး အကြောင်းကြားတာသာ ဖြစ်တယ်လို့ ပြောခဲ့တယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ငြိမ်းချမ်းစွာ ဆန္ဒပြမယ် ပြောခဲ့တယ်။ လောလောဆယ်တော့ တရားစွဲထားတဲ့ အမှုကတော့ ၄၅ မှု ဖြစ်နေတယ်။ ဥပဒေအရ ညီညွတ်ရဲ့လား၊ ဥပဒေရှုထောင့်အရ ဒါဟာ တကယ်ရော ဥပဒေအရ အရေးယူသင့်ရဲ့လားဆိုတာ ဆရာ ဖြည့်စွက်ဆွေးနွေးပေးပါဦး။” ဦးကြီးမြင့် (ဥက္ကဋ္ဌ - ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများ အဖွဲ့) “ကျနော်က လက်ရှိ Practicing Lawyer တယောက်လည်း ဖြစ်တယ်။ ပြည်ထောင်စု ရှေ့နေများနဲ့ ဥပဒေအထောက်အကူပြုသူများ အဖွဲ့ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တယ်။ ကျနော်တို့မှာ တိုင်းနဲ့ပြည်နယ် ၁၄ ခုက ရှေ့နေတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့ကြီးပေါ့။ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုတဲ့ အဖွဲ့အစည်းတွေကို အကြမ်းဖက် နှိမ်နင်းပြီးတော့ ဦးဆောင်သူတွေကို ဖမ်းသွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ မေလ ၁၂ ရက်နေ့က ဖြစ်တယ်။ ၁၃ ရက်နေ့မှာ ကျနော်တို့က ကြေညာချက်အမှတ်-၁/၂၀၁၈ နဲ့ ကြေညာချက်ထုတ်ပြန်ပြီးတော့ ဒီကိစ္စအပေါ်မှာ သဘောထား ကြေညာခဲ့တယ်။ အဲဒီမှာ ဥပဒေနဲ့အညီ အပိုဒ် ၂ ခု ပါပါတယ်။ ထိုကဲ့သို့ ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်မှာ အကြမ်းဖက် ဖမ်းဆီးတာနဲ့ ပတ်သက်ပြီးတော့ ဥပဒေနှင့် ညီညွတ်ခြင်းမရှိသဖြင့် ပြင်းထန်စွာ ကန့်ကွက်ပါသည်။ ၂၀၁၆ ခုနှစ် ပြည်ထောင်စုဥပဒေအမှတ် ၃၈ အရ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄ နှင့်အညီ ၄၈ နာရီ ကြိုတင်အကြောင်းကြားထားခြင်းအပေါ် ခွင့်မပြု ငြင်းဆန်နိုင်ကြောင်း ပြဋ္ဌာန်းဥပဒေ မပါရှိပါ။ ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄(က)၊ (ခ) တို့အရ ဤကဲ့သို့ ဆန္ဒပြ စီတန်းလှည့်လည်ခြင်းကို ခွင့်ပြုထားပြီးလည်း ဖြစ်ပါသည်။ သို့ပါ၍ ဥပဒေနှင့်အညီ ဆန္ဒပြခြင်း၊ စီတန်းလှည့်လည်ရန် ဦးဆောင်သူတို့အား ဖမ်းဆီးထားခြင်းမှာ ဥပဒေနှင့် မညီညွတ်သဖြင့် ချက်ချင်းလွှတ်ပေးရန် တောင်းဆိုပါသည် ဆိုပြီး ချက်ချင်း ကျနော်တို့ ကြေညာချက်ထုတ်ပြန်ပြီးတော့ တောင်းဆိုခဲ့ပါတယ်။ ဒီလို ၄၈ နာရီ ကြိုအကြောင်းကြားတယ်။ လုံလောက်ပြီ။ ပြဋ္ဌာန်းဥပဒေမှာ ခွင့်မပြုနိုင်ဘူးလို့ ငြင်းပယ်နိုင်တယ်လို့ လုံးဝမပါဘူး။ သူတို့ ဘာပဲလုပ်ရမလဲဆိုတော့ ၄၈ နာရီ အကြောင်းကြားရမယ်။ ဖြတ်သန်းသွားတဲ့ မြို့နယ်တွေရှိရင် အဲဒီမြို့နယ်တွေကို ဒီမြို့နယ်တွေ ဖြတ်သန်းသွားမယ်ဆိုတာ မိတ္တူပေးရမယ်။ အဲဒီလို ပေးထားတဲ့အတွက် ပုဒ်မ ၁၈ အရ သူတို့က အကာအကွယ်ပေးရမယ်။ ဘယ်လို အကာအကွယ်ပေးရမလဲ။ သူတို့ကို အနှောင့်အယှက်မပေးဖို့၊ သူတို့ကို အကူအညီတွေ တတ်နိုင်သလောက်ပေးဖို့။ ဒုရဲအုပ်အဆင့်ထက် မနိမ့်တဲ့ ရဲက ခေါင်းဆောင်ပြီး ကာကွယ်ပေးရမယ်။ ဒီလို ခွင့်ပြုချက် တောင်းပြီးတော့ ပြတဲ့ စီတန်းလှည့်လည်တဲ့အပေါ်မှာ နှောင့်ယှက်ရင် အဲဒီလူတွေကို ထောင် ၁ နှစ် ချနိုင်တယ်။ အခု ဒီဥပဒေအရဆိုရင် ပြောင်းပြန်ဖြစ်နေတယ်။ နှောင့်ယှက်တဲ့လူတွေက အရပ်ဝတ်တွေလည်း ပါတယ်၊ အဲဒီလူတွေက ဥပဒေနဲ့အညီ ဆန္ဒပြနေတဲ့လူတွေကို ဖမ်းဆီးတာ ပြောင်းပြန်ဖြစ်နေတယ်။ နှောင့်ယှက်တဲ့ သူတို့ကို ထောင် ၁ နှစ် ချရမှာ။ အခုက ပြောင်းပြန်ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့လည်း ချက်ချင်း ကြေညာချက်ထုတ်ပြီး တရားဝင် တောင်းဆိုတာပါ။ အခုမှ လာပြီး နောက်ကြောင်းပြောတာ မဟုတ်ပါဘူး။ တနိုင်ငံလုံးမှာ ဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်စေချင်တယ်ဆိုတဲ့ စေတနာဟာ နည်းတဲ့စေတနာ မဟုတ်ပါဘူး။ အလုပ်ပျက် အကိုင်ပျက်ပါ။ တပြည်လုံးမှာ ပြနေတဲ့ ဖြစ်နေတဲ့ ကချင်၊ မန္တလေး၊ ပဲခူး၊ ရန်ကုန် အကုန်လုံး တပြိုင်နက်တည်း ဖမ်းဆီးတာတွေ၊ ထောင်ချတာတွေ၊ နှိပ်ကွပ်တာတွေ လုပ်နေတာဟာ အပေါ်ကနေပြီးတော့ ပေါ်လစီတခုနဲ့ တမင်လုပ်နေတယ်လို့ ကျနော်ကတော့ မှတ်ချက်ချလိုပါတယ်။” အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024