
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာပြီး မီးလောင်ပြင်တွေမှာ နေအိမ်တွေ ဆောက်လုပ်နေထိုင်သူတွေ ရှိနေကြတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က အကြမ်းဖက်မှုဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက် ဂူတာပြင်ကျေးရွာမှာ မီးမလောင်ဘဲ ကျန်နေခဲ့တဲ့ နေအိမ်တွေမှာ ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင် ဝင်ရောက်လာပြီး နေထိုင်သူတွေရှိသလို မီးလောင်ပြင်တွေမှာ နေအိမ် ၇၆ လုံး ထပ်မံ ဆောက်လုပ်နေထိုင်ကြတာ ရှိတယ်လို့ ဘူးသီးတောင်ဒေသခံ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။
“အခုလို ဝင်ရောက်နေထိုင်သူတွေဟာ ပြီးခဲ့တဲ့ မတ်လက စတင်လို့ ဝင်ရောက်နေထိုင်လာကြတာလို့ ခန့်မှန်းရပြီး လက်ရှိ လူဦးရေ ၁၀၀၀ ကျော်လောက် နေထိုင်ကြတယ်လို့ ခန့်မှန်းထားပါတယ်။ ခုလို တရားမဝင် ဝင်ရောက်နေထိုင်နေသူတွေကို အစိုးရအနေနဲ့ တိတိကျကျ ပြတ်ပြတ်သားသား အရေးယူဖို့ လိုတယ်”
ဂူတာပြင်ကျေးရွာအနီး ကျောက်စာတိုင်အုပ်ချုပ်ရေးမှူး ဦးအင်္ဂါဖြူက “အခုလို လာရောက် နေထိုင်နေတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အဆင့်ဆင့်ကို အထောက်အထားတွေနဲ့တကွ အကြောင်းကြားထားပေမယ့် အခုအချိန်အထိတော့ ထူးခြားမလာသေးဘူး”လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ကို ဒီဗွီဘီက ဖုန်းနဲ့အကြိမ်ကြိမ်ခေါ်ဆိုခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။
တဖက် ဘင်္ဂလားဒေ့ရှ်က ဝင်လာမယ့် ဒုက္ခသည်တွေကို အစိုးရက တရားဝင်လမ်းကြောင်းတွေ ဖြစ်ကြတဲ့ ပြန်လည်လက်ခံရေးစခန်းတွေကနေ လက်ခံဖို့ အဆင်သင့် ဖြစ်နေပေမယ့်လည်း အခုအချိန်အထိတော့ တရားဝင် ပြန်လည် ဝင်ရောက်လာသူ ၅ ဦးသာ ရှိနေပါတယ်။
သတင်း-ဝဏ္ဏခွာညို










