DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပြဿနာပြေလည်ရင် မူးယစ်ဆေးဝါးပြဿနာ ပြေလည်မည်ဟုဆို
DVB
·
June 26, 2012
နိုင်ငံရေးပြဿနာပြေလည်ရင် မူးယစ်ဆေးဝါးပြဿနာ ပြေလည်မည်ဟုဆို
Donate to DVB

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာတွေဟာ နိုင်ငံရေး ပြဿနာတွေနဲ့ ဆက်နွှယ်နေပြီး နိုင်ငံရေး ပြဿနာပြေလည်ရင် မူးယစ်ဆေးဝါး ပြဿနာလည်း ပြေလည်သွားမယ်လို့ ရှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ဇွန်လ ၂၆ ရက်နေ့မှာကျရောက်တဲ့  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နေ့အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့  သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

[caption id="attachment_27117" align="alignleft" width="300" caption="ဦးခွန်စိုင်း ဆွေးနွေးပြောကြားနေစဉ်"][/caption]

အစိုးရက မူးယစ်ဆေးဝါးပပျောက်ရေး ကို ၁၅ နှစ်စီမံကိန်းနဲ့ ၁၉၉၉ ခုနှစ်ကတည်းက စတင် ဆောင်ရွက်နေပေမယ့် ၁၃ နှစ်ကြာတဲ့ထိ ဘိန်းစိုက်ပျိုးမှုတွေ တိုးပွားနေတာ၊ မူးယစ်ဆေးရောင်းဝယ်မှုတွေ ရှိနေတာ ဟာ နိုင်ငံရေးပြဿနာတွေ  မပြေလည်တာကြောင့်လို့ ဆိုပါတယ်။

နိုင်ငံရေးပြဿနာကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား   နှစ်ဘက်စလုံး  ဖြေရှင်းမယ် ဆိုရင် မူးယစ်ဆေးဝါးပြဿနာ ပြေလည်မယ်လို့ ရှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်ရေး အဖွဲ့ ခေါင်းဆောင် ဦးခွန်စိုင်းက  ပြောပါတယ်။

“အစိုးရကပြောတယ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကြီး မပြိုကွဲစေချင်ဘူး။ ပြည်ထောင်စုကြီး မပြိုကွဲစေချင်ဘူး။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေချင်တယ်။ အတိုက်အခံဘက်ကလည်း ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရချင်တယ်။ ကျနော်တို့ လူ့အခွင့်အရေးတွေကို အပြည့်ရချင်တယ်။ ကျနော်တို့ပြည်နယ်တွေရဲ့ ကံကြမ္မာကို ကျနော်တို့ အရေးသုံးပါးဘောင်ထဲမှာ ကျနော်တို့ ဖြေရှင်းမယ်။

“အဲ့လို တင်ပြတာကို အစိုးရဘက်ကလက်ခံနိုင်ရင် ဒါ အဓိပ္ပာယ်က ကျနော်တို့ နိုင်ငံရေးအရ သဘောတူညီမှုရသွားမယ်။ ဒီလိုရသွားပြီဆိုတာနဲ့ ကျနော်တို့က ရန်သူမဟုတ်တော့ဘူး။ ရန်သူမဟုတ်တော့တဲ့အခြေအနေမှာ တရားဥပဒေစိုးမိုးရေး ရရှိလာမယ်။ အဲလိုမျိုး ရရှိလာပြီဆိုရင် မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ဆိုလိုပါတယ်။”

နိုင်ငံရေးပြဿနာ မပြေလည်တဲ့အတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါ်ပေါက်လာရကြောင်း၊ လက်နက်ကိုင်အဖွဲ့တိုင်းလို မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ပတ်သက်နေပြီး  ဒေသခံ ပြည်သူတွေကလည်း  နယ်မြေထဲရောက်နေတဲ့ အစိုးရတပ်ကိုရော လက်နက်ကိုင် အဖွဲ့အစည်းတွေကိုပါ ထောက်ပံ့ရတဲ့အတွက် တခြားသီးနှံထက် ငွေပိုရတဲ့ ဘိန်းစိုက်ပျိုးရေးကို လုပ်လာကြတယ်လို့ ဦးခွန်စိုင်းက ပြောပါတယ်။

ရှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ဟာ ရှမ်းပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ မူးယစ်ဆေးဝါး အခြေအနေတွေကို လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ကတည်းက မျက်ခြည်မပြတ် လေ့လာခဲ့ပြီး အလျဉ်းသင့်သလို အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ပြီး ဒီကနေ့ (Win Win Solution) သူနိုင် ငါနိုင် ဖြေရှင်းချက်လို့ အမည်ပေးထားတဲ့ အစီရင်ခံစာတစောင် ထုတ်ဝေခဲ့ပါတယ်။

၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ် ထဲမှာ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးနှုန်းနဲ့ မူးယစ်ဆေးအထွက်နှုန်း တိုးမြင့်ခဲ့ကြောင်း၊ ရှမ်းပြည် အရှေ့ပိုင်း  ရွှေတြိဂံနယ်က မူးယစ်ရာဇာလို့ နာမည်ကြီးတဲ့ စိုင်းနော်ခမ်းကို ဖမ်းဆီးရမိပေမယ့်လည်း မူးယစ်ဆေးဝါးကုန်ကူးမှု ပပျောက်သွားတာ မရှိကြောင်းလည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ  ရှင်းလင်းပြောကြားပါတယ်။

ရှမ်းပြည်နယ် မြို့နယ်ပေါင်း ၄၇ မြို့နယ်မှာ ဘိန်းစိုက်ပျိုးမှုတွေရှိပြီး ဘိန်းစိုက်ပျိုးရာမှာ အာဏာပိုင်ရော ပြည်သူ့စစ်တွေပါ ပါဝင် ပတ်သက်နေကြောင်း ရှမ်းပြည်နယ် ဆီဆိုင်၊ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်ထဲက အခြေအနေတွေ ဥပမာပြပြီး ပအိုဝ်းလူငယ်အဖွဲ့က ကိုယ်စားလှယ် ခွန်ချန်းခဲက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013