ဘုရားသုံးဆူမြို့ထဲကို ရေဆိုးများဝင်ရောက်နေသည့်ကိစ္စ နှစ်နိုင်ငံဖြေရှင်းမည်
DVB
·
May 22, 2018
ထိုင်း-မြန်မာနယ်စပ်၊ မြန်မာနိုင်ငံဘက်ခြမ်း ဘုရားသုံးဆူမြို့ထဲကို ထိုင်းနိုင်ငံဘက်က မိုးရေနဲ့ ရေဆိုးတွေဝင်ရောက်တာနဲ့ ပါတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ သွားရောက် စစ်ဆေးခဲ့ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဌာနတွေကဖြေရှင်းသွားဖို့ရှိပါတယ်။
နယ်စပ်မြို့ တစ်မြို့ ဖြစ်တဲ့ ဘုရားသုံးဆူမြို့ထဲကို ထိုင်းနိုင်ငံဘက်ကနေ မိုးရေတွေနဲ့ ရေဆိုးတွေဝင်ရောက်နေတာဖြစ်ပြီး မိုးရွာတာများရင် များသလို ရေက အလုံးအရင်းနဲ့ ၀င်ရောက်နေတယ်လို့ ဘုရားသုံးဆူဒေသခံ ဦးသန်းလွင်က ပြောပါတယ်။
အခုလို ရေဆိုးတွေ စီးဝင်လာတာဟာ ထိုင်းနိုင်ငံဘက်မှာ ရေမြောင်းကြီးတွေ ဖောက်လုပ်ထားပြီး မြန်မာဘက်ကို စီးဆင်းအောင် လုပ်ထားတာကြောင့်ဖြစ်တယ်လို့ လည်းဆိုပါတယ်။
နှစ်နိုင်ငံ မြို့နယ်အဆင့်တာဝန်ရှိသူတွေကတော့ နယ်ခြားကော်မတီအဖွဲ့ဝင်တွေနဲ့ ဒီကိစ္စ အကြိမ်ကြိမ်ဆွေးနွေးခဲ့တာရှိပေမယ့် အဆင်ပြေခြင်းတော့ မရှိခဲ့ပါဘူး။
ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၂ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စောရှားဖောင်အွာကတော့ ဒီပြဿနာကို နိုင်ငံခြားရေးဝန်ကြီးဌာနအထိ တင်ပြမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း တကြိမ် ထိုင်းနိုင်ငံဘက်က ရေမြောင်းဖောက်လုပ်တဲ့အတွက်ကြောင့် မြန်မာနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှုတွေ ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်၊ ဆန်ခရမြို့နဲ့ မြန်မာဘက်က ဘုရားသုံးဆူ နယ်စပ်ဂိတ်ဟာ အရင်က နာမည်ကျော်နယ်စပ်ဂိတ်တစ်ခု ဖြစ်ခဲ့ပါတယ်။
အဆိုပါနယ်စပ်ဂိတ်မှာ ၂၀၀၇ ခုနှစ်တုန်းက မြန်မာဘက်ကနေ ဂိတ်တံခါးပိတ်လိုက်လို့ နှစ်နိုင်ငံ ကုန်သွယ်ရေးတွေလည်း ရပ်ဆိုင်းခဲ့ဖူးပါတယ်။
အောင်ကျော်ဇော