ထိုင်းအခြေစိုက် အတိုက်အခံအဖွဲ့အစည်း ၄ ခုနှင့် ဦးအောင်မင်းတွေ့ဆုံ
နော်နိုရင်း
·
June 26, 2012
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်း အခြေစိုက် မြန်မာအတိုက်အခံ အဖွဲ့အစည်း ၄ ခုနဲ့ ဒီနေ့ မဲဆောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။
ဦးအောင်မင်းနဲ့ အဖွဲ့ဟာ အတိုက်အခံအဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ် ဒီအက်ဖ်)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (အန်အယ်လ်ဒီ-အယ်လ်အေ) နဲ့ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (အက်ဖ်ဒီဘီ) အဖွဲ့တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ တာပါ။
[caption id="attachment_27112" align="alignleft" width="290" caption="ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်"][/caption]
ကေအန်ယူ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က လာမယ့် ဇူလိုင်လကုန်ပိုင်းမှာ အစိုးရနဲ့ ကေအန်ယူ ထပ်မံတွေ့ဆုံဖို့ရှိတဲ့အတွက် အခု အလွတ်သဘော တွေ့ဆုံတာဖြစ်ပြီး အဓိက တပ်စခန်းချထားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းဆိုင်ရာနဲ့ မှတ်ပုံတင်လုပ်ပေးရေး ကိစ္စတွေ ကို ဆွေးနွေးတာလို့ ပြောပါတယ်။
လက်ရှိ ကရင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား မရှိသေးတဲ့သူတွေကို ထုတ်ပေးရာမှာ အရောင် နှစ်မျိုးခွဲပြီး ထုတ်ပေးတဲ့ အပေါ် မေးမြန်းခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာန ၀န်ကြီး ဦးခင်ရီက ကတ်နှစ်ခုလုံး အခွင့်အရေးအတူတူ ဖြစ်တဲ့ အကြောင်း ပြန်လည်ရှင်းပြခဲ့တယ် လို့ နော်စီဖိုးရာစိန်က ဆိုပါတယ်။
ဝန်ကြီးဦးအောင်မင်း အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီး အေဘီအက်စ်ဒီအက်ဖ် ဒု-ဥက္ကဋ္ဌ ကိုမျိုးဝင်းက “အဓိက ဆွေးနွေးတာကတော့ ရှေ့ဆက်လျှောက်မယ့် အစီအစဉ်တွေ အမြင်ချင်းဖလှယ်တာပါ။ တခါမှလည်း ဦးအောင်မင်းတို့နဲ့ တွေ့ဆုံခဲ့တာ မရှိတော့ အပြန်အလှန် မိတ်ဆက်တာရယ်၊ ရှေ့ဆက်သွားမယ့် အစီအစဉ်မှာ ၂ ဖက်အမြင်ချင်းဖလှယ်တာ၊ အဲဒါကိုပဲ အဓိကဆွေးနွေးတာပါ။ ဦးအောင်သောင်း ခေါင်းဆောင်တဲ့ ဆွေးနွေးရေး အဖွဲ့ရယ်၊ ဦးအောင်မင်း ဦးဆောင်တဲ့ ဆွေးနွေးရေးအဖွဲ့ ၂ ဖွဲ့ရှိတာပေါ့။ အရင်က ဦးအောင်သောင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ဆွေးနွေးခဲ့တာကို။ အဲဒီဆွေးနွေးချက်ပေါ်မှာ မူတည်ပြီးတော့ ရှေ့ဆက် အစီအစဉ်တွေ ဘယ်လိုဆောင်ရွက်ကြရင် ကောင်းမလဲလို့ အမြင်တွေဖလှယ်တဲ့ အဆင့်ပါပဲ။ လက်ရှိကာလ တည်ရှိနေတဲ့ အခြေခံတွေအောက်မှာ အားလုံးအတူတကွ လက်တွဲပြီးတော့ ဖော်ဆောင်နိုင်ဖို့ အမြင်ချင်းဖလှယ်တဲ့ အနေအထားပါပဲ” လို့ ပြောပါတယ်။
ဦးအောင်မင်းတို့ အဖွဲ့ဟာ ဒီကနေ့ မဲဆောက်မြို့က မယ်တော် ဆေးခန်း တည်တောင်သူ ဒေါက်တာ စင်သီယာမောင်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့သလို ညနေပိုင်းမှာလည်း မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုအဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။