အေအိုင်ဒီအက်စ်ဖြင့်သေဆုံးသူများအတွက် အောက်မေ့ဖွယ်ဆုတောင်းပွဲပြုလုပ်
စိုးမိုးအောင်
·
May 21, 2018
အေအိုင်ဒီအက်စ်ရောဂါနဲ့ ကွယ်လွန်သွားသူတွေအတွက် ဖယောင်းတိုင်မီး ထွန်းညှိပြီး ဆုတောင်းတဲ့ အောက်မေ့ဖွယ်အခမ်းအနားကို မေလ ၂၁ ရက်က ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ယုဒဿန်ရိပ်သာမှာ ကျင်းပပါတယ်။
ဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်က လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တင်မောင်ဇော်၊ ဘာသာပေါင်းစုံက ဆရာတော်တွေနဲ့ INGO နဲ့ NGO အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။
အေအိုင်ဒီအက်စ်နဲ့ ကွယ်လွန်သွားသူတွေကို သတိရတဲ့အထိမ်းအမှတ်အနေနဲ့ မီးထွန်း ဆုတောင်းပွဲလုပ်တာဖြစ်ပြီး သေဆုံးသွားသူတွေထဲမှာ HIV/AIDSလုပ်ငန်းတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူတွေပါဝင်သလို လက်ရှိ ကူးစက်ခံရသူတွေကိုလည်း ပိုမိုပူးပေါင်းပါဝင်လာစေဖို့ ကျင်းပတာလို့ မြန်မာနိုင်ငံ HIV ဖြင့်နေထိုင်သူများ ကွန်ရက် ဥက္ကဋ္ဌ ဦးသော်တာထွန်းကပြောပါတယ်။
ရန်ကုန်တိုင်းဟာ အခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ယှဉ်ရင် HIV ကူးစက်ခံရမှုအများဆုံးနဲ့ ART ဆေးအသုံးပြုမှုအများဆုံးဖြစ်တာကြောင့် ရောဂါသစ်တွေထပ်မံ မကူးစက်အောင် လုပ်ဆောင်ဖို့ လိုတယ်လို့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တင်မောင်ဇော်က ပြောပါတယ်။
၂၀၁၈ မေ ၂၀ ရက်ဟာ နိုင်ငံတကာမှာ အေအိုင်ဒီအက်စ်နဲ့ သေဆုံးသွားသူတွေ အတွက် ဖယောင်းတိုင်မီးထွန်းညှိပြီး အောက်မေ့ဖွယ်အခမ်းအနားကျင်းပတာ ၃၅ ကြိမ်ရှိပြီ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာပေါ်မှာ HIVပိုးနဲ့ အသက်ရှင်နေထိုင်သူပေါင်း ၃၃ သန်း အထိရှိနေတယ်လို့ ဆိုပါတယ်။