အကျင့်ပျက်ရဲအရာရှိများကို အရေးယူရန် တိုင်ကြားသည့်ရဲတပ်သား ၅ ဦးကို အပြီးသတ်စစ်ဆေး
Aung Aung Naing
·
May 21, 2018
ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အဂတိတိုက်ဖျက်ရေးကော်မရှင်ထံ အကျင့်ပျက် ရဲဝန်ထမ်းတွေကို အရေးယူပေးဖို့တိုင်ကြားခဲ့တဲ့ ကျောက်ဆည်မြို့မရဲစခန်းက ရဲတပ်သား ၅ ဦးကို မန္တလေးခရိုင် ရဲတရားရုံးမှာ အပြီးသတ်စစ်ဆေးနေပါတယ်။
ဧပြီ၂၅ ရက်ညက ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းရွာမှာ ဖမ်းဆီးမိတဲ့ သစ်တွေနဲ့အတူတရားခံကို အမှုဖွင့်ဖို့ စီစဉ်နေစဉ်မှာ တရားခံ နှစ်ယောက်ကို လွှတ်ပေးလိုက်ပြီး ပိုင်ရှင်မဲ့အဖြစ် မမှန်မကန်အမှုဖွင့်ခဲ့တဲ့ တာဝန်ရှိစခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆောင်တို့ကို အရေးယူပေးဖို့ ရဲတပ်သား ၅ ဦးက မေလ ၂ရက်မှာ သက်ဆိုင်ရာကို တိုင်ကြားထားခဲ့တာပါ။
အဆိုပါ တိုင်ကြားချက်နဲ့ ပတ်သက်ပြီး ရဲတပ်သားကျော်စိုးဝင်း၊ ရဲတပ်သားထွန်းထွန်းဝင်း၊ ရဲတပ်သားရဲလင်းစိုး၊ ရဲတပ်သား ဇေယျာမောင်၊ ရဲတပ်သားချစ်ကိုတို့ ၅ ဦးကို မေလ ၂၁ ရက်မှာ မန္တလေးခရိုင်ရဲ တရားရုံးကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် တာဝန်မှူး ဒုရဲအုပ်ကိုကိုလင်းနဲ့ သစ်တောဦးစီဌာနမှ တာဝန်ရှိသူတွေကိုလည်း မန္တလေးခရိုင်ရဲတရားရုံးမှာ စစ်ဆေးနေတာပါ။
ဒုရဲအုပ်ကိုကိုလင်းရဲ့ဇနီးဖြစ်သူ မခိုင်သဇင်က “အမှုဖြစ်စဉ်မှာ ကျမယောက်ျားမပါဘဲ တာဝန်မှူးဖြစ်လို့ဆိုပြီး မန္တလေးအမှတ်(၂)စခန်းမှာ ထိန်းသိမ်းခံထားရတယ်။ ကျမတို့မိသားစု အရမ်းဒုက္ခရောက်ကြရတယ်။ သမီးနှစ်ယောက်နဲ့ဆိုတော့ ဘာလုပ်ရမှန်းမသိဘူး။ တာဝန်မှူး တော့ မှန်တယ်လေ။ အမှုစစ်မယ်လုပ်တော့ သစ်ကားမိတဲ့ တရားခံက မရှိတော့ဘူးလေ။ ဘယ်လိုစစ်ရမလဲမေးမိလို့ အခုလိုဖမ်းချုပ်ပြီး ထိန်းသိမ်းခံရတာ ကျမတို့မိသားစုကို တတ်နိုင်သလောက် ကယ်ပေးကြဖို့ အကူညီတောင်းပါရစေ”လို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုင်ကြားခဲ့တဲ့ရဲတပ်သားတွေနဲ့အတူ သက်သေတွေဖြစ်တဲ့ ၈၈ ငြိမ်း/ပွင့်က ကိုစိုးသီဟ၊ ဦးကိုကိုလွင်၊ သစ်တောဦးစီးက တာဝန်ရှိသူတွေနဲ့ တာဝန်မှူးဖြစ်တဲ့ ဒုရဲအုပ်ကိုကိုလင်းတို့ကို ဒီနေ့အပြီးသတ်စစ်ဆေးပြီး ထုတ်ပြန်ပေးသွားမယ်လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ရဲအုပ် ညီညီမင်းက ပြောပါတယ်။
ဒီအမှုမှာ ဝန်ထမ်းတွေကို အကျင့်ပျက်ပြားစေပြီး တရားဥပဒေစိုးမိုးရေးကို ထိခိုက်အောင် လုပ်ဆောင်နေတဲ့ မုံလာထုပ်(ခ)အောင်မိုးစိုးကိုလည်း ပုဒ်မ ၆ (၁)နဲ့ အရေးယူထားပါတယ်။
၈၈ ငြိမ်း/ပွင့်က ဦးကိုကိုလွင်က“မုံလာထုပ်(ခ)အောင်မိုးစိုးကို ကျောက်ဆည်မြို့ ဒေသခံတွေက ထိထိရောက်ရောက် ပြစ်ဒဏ်ချမှတ်ပေးဖို့လိုလားနေကြသလို ၈၈ ငြိမ်း/ပွင့်အနေနဲ့လည်း တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေပြီး မြို့ရဲ့တည်ငြိမ်မှု တရားဥပဒေစိုးမိုးစေမှုရှိစေဖို့ ဝန်ထမ်း အများစုကို အကျင့်ပျက် ခြစားအောင်ပြုလုပ်နေတဲ့အတွက် ရဲတပ်သားငယ်တွေနဲ့ ပူးပေါင်း ဖော်ထုတ်ခဲ့တာဟာ ကြီးလေးတဲ့ပြစ်ဒဏ်ပေးစေချင်လို့ ဖြစ်တယ်”လို့ ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ရဲတပ်သား ၅ ဦးနဲ့ အတူ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ကျောက်ဆည်)က ဦးဆောင် လက်မှတ်ရေးထိုးပြီး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဌာနအသီးသီးကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။