DVB Logo
Home
မြန်မာသတင်း
ထိုင်းအခြေစိုက် အတိုက်အခံအဖွဲ့အစည်းများနှင့် ဦးအောင်မင်း တွေ့ဆုံ
DVB
·
June 25, 2012
ထိုင်းအခြေစိုက် အတိုက်အခံအဖွဲ့အစည်းများနှင့် ဦးအောင်မင်း တွေ့ဆုံ
1 / 3
Donate to DVB

ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံကို ရောက်ရှိနေပြီး ထိုင်းနိုင်ငံ အတွင်းမှာရှိတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။

ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဟာ ဒီနေ့မနက် ထိုင်းနိုင်ငံ ကို ရောက်ရှိပြီး နေ့ခင်း ၂ နာရီလောက်မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီခေါင်းဆောင်နဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာ လူ့ဘောင်သစ်ပါတီကို မတရားအသင်းကနေ ပယ်ဖျက်ဖို့၊ ပါတီဝင်တွေ အားလုံး မြန်မာနိုင်ငံအတွင်း ပြန်သွားနိုင်ရေး အစရှိတဲ့ အချက်တွေကို ဆွေးနွေးခဲ့တယ်လို့ လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

[caption id="attachment_27085" align="alignright" width="300" caption="လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်"][/caption]

“အဓိက ဆွေးနွေးတာတော့ ၂ ချက်ပါပဲ။ တချက်က ကျနော်တို့ပါတီကို မတရားသင်း အဖြစ်က ပယ်ဖျက်ပေးဖို့ကြိုးစားပေး မယ်။ နောက် တချက်က ကျနော်တို့ ဗမာပြည်ထဲကို အကုန်ပြန်လာဖို့ အတွက်ကို သူတို့ကြိုးစားမယ်၊ ကျနော်တို့ဘက်က အဓိက ဆွေးနွေးတာကတော့ မတရားအသင်း ဥပဒေတွေကို ဖျက်သိမ်းပေးပါ။ ကျနော်တို့ တဦးချင်းဆီကို စွဲထားတဲ့ စွဲချက်တွေရှိတယ်။ ကျနော်ဆိုရင် ၉၀ ခုနှစ်လောက်ထဲက တရားခံပြေး အဖြစ် ကြေညာထားတာ၊ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ ပယ်ဖျက်ပေး ပါ။ နောက် တခုက ကျနော်တို့ပါတီကို အထဲမှာပြန်ပြီးတော့ နိုင်ငံရေးပါတီ တခုအဖြစ် ပြန်ချင်တယ်။ ကျနော်တို့ နိုင်ငံရေးပါတီတခုအနေနဲ့ အထဲမှာ ရပ်တည်ချင်တယ်။ လုပ်ချင်တယ်။ အဲဒီသုံးခုကို ဆွေးနွေးတယ်။ သူတို့ဘက်က ပြန်ဆွေးနွေးတာက. ဒီကိစ္စတွေ ဖြစ်နိုင်ချေရှိပါတယ်။ သူတို့ဘက်က တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ပေး မယ်။ နောက်တခုက ကျနော်တို့ ဆွေးနွေးချက်တွေကို စာနဲ့ရေးပါ။ ရေးပြီးတော့ သူတို့ကိုပေးပါ။ သမ္မတနဲ့ သေချာညှိနှိုင်း ဆွေးနွေးပေးမယ်။”

ဒါ့အပြင် ဦးအောင်မင်းတို့ အဖွဲ့အနေနဲ့ လက်ရှိ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှု အခြေအနေကို ရှင်းပြပြီး နောက်တဆင့်မှာ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုမျိုး လုပ်နိုင်အောင် ကြိုးစားသွားမယ်ဆိုပြီး ပြောဆိုသွားတယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ အစိုးရဘက်က  ၀န်ကြီးဦးအောင်မင်းအပြင် လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီ၊ ဘန်ကောက်သံရုံးက  မြန်မာသံအမတ်အပါအ၀င် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေဖြစ် တဲ့ ဦးလှမောင်ရွှေ၊ ဦးကျော်ရင်လှိုင်နဲ့ ဦးညိုအုန်းမြင့်လည်း ဆွေးနွေးပွဲမှာ ပါဝင်ပါတယ်။

ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ တွေ့ဆုံတာဟာ ဒုတိယ အကြိမ်ဖြစ်ပြီး ဒီတွေ့ဆုံပွဲကို အားရကျေနပ်ကြောင်း ဦးအောင်မိုးဇော် က ပြောပါတယ်။

ဦးအောင်မင်းနဲ့အဖွဲ့ဟာ ဇွန်လ ၂၆ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ  (အန်အယ်လ်ဒီ-အယ်လ်အေ) ၊ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု(အက်ဖ်ဒီဘီ) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး  (အေဘီအက်စ်ဒီအက်ဖ်) တို့နဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။

မနေ့ကလည်း ဦးအောင်မင်းတို့အဖွဲ့ဟာ ရန်ကုန်မြို့မှာရှိတဲ့ Myanmar Engress ရုံးမှာ မျိုးဆက်သစ် လူငယ်များအဖွဲ့ (GW) နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

GW အဖွဲ့က တိုင်းရင်းသားတွေ အချင်းချင်းကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ ‘ထာဝရ ငြိမ်းချမ်းရေး ၆၇’ ဆိုတဲ့ လှုပ်ရှားမှုကို လုပ်နေချိန်မှာ ဦးအောင်မင်းနဲ့ တွေ့ဆုံဖို့ ဆက်သွယ်ခဲ့တာဖြစ်ပြီး ဒီပေါ်မှာ လက်ခံတွေ့ဆုံတာလို့ မျိုးဆက်သစ် လူငယ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ကိုမင်းရန်နိုင်က ပြောပါတယ်။

[caption id="attachment_27086" align="alignleft" width="264" caption="ဦးအောင်မင်းနှင့် GWအဖွဲ့ဝင်များတွေ့ဆုံစဉ်"][/caption]

“ကျနော်တို့ ငြိမ်းချမ်းရေးလုပ်နေတဲ့ အခါမှာ တချို့နယ်တွေ မှာ အောက်ခြေက အုပ်ချုပ်တဲ့ လူတွေနဲ့ အခက်အခဲ ရှိတာတွေ ပြောဖြစ်ပါတယ်။ ကချင်ဒေသမှာ ငြိမ်းချမ်းရေးလုပ်နေ တဲ့ဟာတွေ သူတို့ ငြိမ်းချမ်းရေးရအောင် လုပ်သွားမယ်ဆိုတဲ့ အကြောင်း နောက်ပြီးတော့ ကချင်ပဲ ကျန်တော့တဲ့ အကြောင်း၊ ကချင်မှာလည်း စပြီးသွားလို့ ရတဲ့နေရာတွေ ရှိနေပြီ၊ နောက်ပိုင်းလည်း အကူအညီပေးရေးအဖွဲ့တွေ သွားဖို့ သွားသင့်တယ်ဆိုတဲ့ အကြောင်းတွေပါ သူကပြောပြပါတယ်။ ကျနော်တို့က ငြိမ်းချမ်းရေးကိစ္စလုပ်ပြီ ဆိုတဲ့အခါကျတော့ ကျနော်တို့ စုထားတဲ့လက်မှတ်တွေ ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အစိုးရအဖွဲ့ကိုလည်းပေးမယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆက်သွယ်ဖြစ်တာပါ၊ အဲဒီအပေါ်မှာ သူတို့ကလည်း လက်ခံတွေ့ဆုံတာပါ။”

လူငယ်အဖွဲ့နဲ့ တွေ့ဆုံချိန်မှာ ဦးအောင်မင်းက လူငယ်တွေကို အားပေးကြောင်းနဲ့ နောင်တချိန်မှာလည်း နိုင်ငံကို ဦးဆောင်နိုင်အောင် ကြိုးပမ်းဖို့ တိုက်တွန်းခဲ့တယ်လို့လည်း ဆိုပါတယ်။

မျိုးဆက်သစ်လူငယ်အဖွဲ့ဟာ ၂၀၀၇ ရွှေဝါရောင်သံဃာ အရေးအခင်းနောက်ပိုင်း ဖွဲ့စည်းထားတဲ့ လူငယ်အဖွဲ့ဖြစ်ပြီး အရင်က မြေအောက်လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013