စကုမြို့တွင် အာဇာနည် ၉ ဦး ကြေးသွန်းပုံတူရုပ်တုများ စိုက်ထူမည်
DVB
·
May 20, 2018
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး-စကုကားလမ်းမကြီးဘေး စကုမြို့ အမှတ်(၁)ရပ်ကွက်ရှိ အာဇာနည် ကျောက်တိုင်ကွင်းရင်ပြင်မှာ စိုက်ထူမယ့် အာဇာနည် ၉ ဦး ကြေးသွန်းပုံတူရုပ်တုတွေကို ဇွန်လမှာ အပ်နှံနိုင်ဖို့ အချောကိုင်နေတယ်လို့ ပြည့်ဝ မြန်မာမှုကြေးသွန်းအနုပညာလုပ်ငန်းမှ ကြေးသွန်းပညာရှင် ကိုအောင်မိုးက ပြောပါတယ်။
ပြည့်ဝ မြန်မာမှုကြေးသွန်းအနုပညာလုပ်ငန်းမှ ကြေးသွန်းပညာရှင် ကိုအောင်မိုးက အာဇာနည် ၉ ဦး ပုံတူကြေးရုပ်တုတွေကို တာဝန်ယူထုလုပ်နေတာဖြစ်ပြီး ပုံတူကြေးရုပ်ထုတွေ ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ စတင် ပြုလုပ်ခဲ့တာပါ။
ဗိုလ်ချုပ်အောင်ဆန်းပုံတူ ကြေးရုပ်တုက ကြေးပိဿာချိန် ၅၀ ကျော် အသုံးပြုထားပြီး အမြင့် ၃ ပေရှိပါတယ်။ ကျန်အာဇာနည် ၈ ဦးရဲ့ ပုံတူကြေးရုပ်တုတခုကို ကြေး ၁၅ ပိဿာစီ အသုံးပြုထားပြီး အမြင့် ၂ ပေစီ ရှိတယ်လို့ သိရပါတယ်။
အာဇာနည် ၉ ဦး ကြေးသွန်းပုံတူရုပ်တုတွေကို စုစုပေါင်း ကြေးပိဿာချိန် ၁၇၀ ပိဿာ ကျော် အသုံးပြုထားပြီး ကုန်ကျစရိတ် ၁၉၅ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ ကျရောက်မယ် အာဇာနည်နေ့မှာ မင်းဘူးမြို့ခံ ပြည်သူတွေ အာဇာနည် ၉ ဦးကို ဂုဏ်ပြုအလေးပြုနိုင်ဖို့ စကုမြို့ အာဇာနည် ကျောက်တိုင်ကွင်း ရင်ပြင်မှာ အာဇာနည် ၉ ဦး ပုံတူကြေးရုပ်တုတွေကို အာဇာနည်နေ့မတိုင်မီ အပြီးစိုက်ထူ သွားမယ်လို့ သိရပါတယ်။
သတင်း - သော်တာ