ရခိုင်ဒုက္ခသည်စခန်းများတွင် သန့်ရှင်းသည့်ရေ လိုအပ်ဟု ကုလသမဂ္ဂပြော

2.1K
ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ သောက်သုံးရေ၊ တကိုယ်ရေ သန့်ရှင်းရေးနဲ့ မိလ္လာစနစ်တို့ စိုးရိမ်ပူပန်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ကွပ်ကဲမှုရုံး (UNOCHA) အဖွဲ့က အစီရင်ခံချက် ထုတ်ပြန်အသိပေးလိုက်ပါတယ်။
ရခိုင်ပြည်နယ်က IDP စခန်းတွေမှာ ဆေးကြောလျော်ဖွတ်စရာ သန့်ရှင်းတဲ့ရေ အလုံအလောက်မရှိတဲ့အတွက် စိုးရိမ်ရတဲ့အကြောင်းနဲ့ မိုးရာသီရောက်လာပြီ ဖြစ်တဲ့အတွက်လည်း စခန်းထဲက အခြေအနေကို ပိုဆိုးဝါးစေတယ်လို့ UNOCHA အဖွဲ့က ဆိုပါတယ်။
အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ဒုက္ခသည် ၅ သောင်း ၂ ထောင်ကျော်ဟာ မြို့နယ် ၆ မြို့နယ်က ဒုက္ခသည်စခန်း ၆၆ ခုမှာ နေထိုင်နေတာဖြစ်ပြီးတော့ အတည်မပြုနိုင်တဲ့ စာရင်းတွေအရ ၈ သောင်းကနေ ၉ သောင်းအထိ ရှိတယ်လို့ ဆိုပါတယ်။
အိမ်ပေါင်း ၂၀၀၀ ကျော်လောက် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပြီးတော့ ဒါတွေဟာ အစောပိုင်း ခန့်မှန်းချက်တွေ ဖြစ်တယ်လို့ အစိုးရက ပြောတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဇွန် ၁၉ ရက်နေ့အထိ ထိခိုက်ခံစားခဲ့ရတဲ့ ဒုက္ခသည် ၈ သောင်းကျော်အတွက် အစားအစာဖြန့်ဝေတာ ရောက်ရှိပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အစိုးရကလည်း အစားအသောက်၊ ဆေးဝါးတွေထောက်ပံ့နေပေမယ့်လည်း အစားအသောက်၊ ကျန်းမာရေးဆိုင်ရာနဲ့ ဆေးကြောတဲ့ ပစ္စည်းတွေကလည်း လိုအပ်နေသေးတယ်လို့ ထုတ်ပြန်ချက်က ရေးသားထားပါတယ်။
