
ထောင်ဒဏ် ၁၀ နှစ်ချခံထားရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးညီပုဟာ ဒီနေ့မနက်မှာ စစ်ကိုင်းတိုင်း ခန္တီးအကျဉ်းထောင်ကနေ လွတ်ရက်စေ့ပြီး ပြန်လွတ်လာပါတယ်။
ဇန်န၀ါရီလ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ခန္တီးထောင်က နိုင်ငံရေးအကျဉ်းသား ၉ ဦး လွတ်မြောက်ခဲ့ပြီးနောက် ဦးညီပုဟာ တဦးတည်းကျန်နေခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ဖြစ်ပါတယ်။
[caption id="attachment_27061" align="alignleft" width="300" caption="(Photo_ Google) "]
[/caption]
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်တံဆိပ်ဖြစ်တဲ့ ခွပ်ဒေါင်းရုပ်ကို အစိုးရဌာန အဆောက်အဦတွေ မှာ ရေးဆွဲဖို့ စီစဉ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဦးညီပုကို ၂၀၀၇ ခုနှစ်က ထောင်ချခဲ့တာ ဖြစ်ပါတယ်။
“လာဖမ်းတာတော့ သားအဖသုံးယောက်ကို ဖမ်းတာ။ အငယ်လေးကို မုံရွာမှာ ဖမ်းပြီးတော့ ခံဝန်နဲ့ ပြန်လွှတ်လိုက်တာဗျ။ ကျနော်တို့ သားအဖ ၂ ယောက်ကို တနေရာ ၂ နှစ်နှုန်းနဲ့ ၅ နေရာ ၁၀ နှစ် ဆိုပြီး တပေါင်းတည်းမပေးဘဲ သီးခြားခံစားစေဆိုပြီး၊ အကျိုးပျက်စီးမှုပေါ့ ၄၂၇/၃၄ ဆိုပြီး တပ်ပြီး ထောင်ချလိုက်တာပါပဲ။ ၂၀၁၂ ခုနှစ် ၁ လပိုင်းက ကျနော့်အမှုတွဲ ကျနော့်သား ကျော်သူရ (မုံရွာ)ကိုတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်။ အခု ကျနော်ကတော့ သာမန်လွတ်ရက်နဲ့ လွတ်လာတာပါ။”
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ထုတ်ပြန်ခဲ့တဲ့ လျှော့ရက်နဲ့ သက်သာခွင့်တွေအရ နဂိုထောင်ဒဏ်ထဲက ကျန်ရှိတဲ့ ၄ နှစ်ခွဲကျော် ထောင်ထဲမှာ နေခဲ့ရတယ်လို့ ဦးညီပုက ပြောပါတယ်။
သူအဖမ်းခံရစဉ်က အာဏာပိုင်တွေက မိသားစုအလိုက် ဖမ်းမယ်ဆိုပြိး အတင်းဖိအားပေးတာကြောင့် မမှန်ကန်တဲ့ စွပ်စွဲချက်တွေအပေါ်မှာ ခံဝန်လက်မှတ် ထိုးခဲ့ရတဲ့ အကြောင်းကို ဦးညီပုက အခုလို ပြန်ပြောပြပါတယ်။
“မိသားစုလိုက် ဖမ်းဆီးမယ် ဆိုတဲ့အခါကျတော့ ကျနော်တို့ သားအဖ သုံးယောက်ကို တွေ့ခွင့်တောင်း ပါတယ်။ တနေရာစီ စစစ်တဲ့နေရာမှာ။ အဲဒီတော့ သားအဖ သုံးယောက်တွေ့ပြီးတော့ မင်းတို့ အမေ၊ အစ်မတွေ၊ ညီမတွေ၊ တူမတွေ ဒါတွေအကုန်လုံး ဖမ်းတော့မယ်။ မတ္တရာ ကိုသန်းလွင်လည်း မိသားစုလိုက် ဖမ်းတာကိုဗျ။ ဆိုတော့ အဲဒီလို ဖြစ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က ယောက်ျားသားတွေပေါ့။ ကျနော် စစ်ဆေးရေး အဖွဲ့တွေနဲ့ ညှိနှိုင်းပါတယ်။ သားအဖ သုံးယောက်တွေ့ပေးပါ တွေ့ပေးပြီးရင် ခင်ဗျားတို့ ဖြေစေချင်တဲ့ အဖြေတခုတော့ ရလိမ့်မယ် လို့ ပြောလိုက်ပါတယ်။ ကျနော့်သားအငယ်ကောင်ကို ခံဝန်နဲ့ လွှတ်ပေးမယ်။ အကြီး ၂ ယောက်ကတော့ ခင်ဗျား အစီအစဉ်နဲ့ နားချဆိုတဲ့ အနေနဲ့ ဖြောင့်ချက်ပေးခိုင်းတာပေါ့။ ကျနော်တို့ကတော့ ဖြောင့်ချက် လက်မှတ်ထိုးပေးမယ်။ ဒါပေမယ့် အဲဒီဖြောင့်ချက်ကိုတော့ ကျနော်တို့ ကိုယ်တိုင် ဘာမှ မပြောဘူး။ ခင်ဗျားတို့ ရေးချင်တာရေး ကျနော်တို့ လက်မှတ်ထိုးပေးတာပါပဲ။ အဲဒီဖြောင့်ချက်မှာလည်း သဘာဝမကျတာတွေ အများကြီး ပါပါတယ်။”
ဦးညီပု ထောင်ထဲမှာ ရှိနေတဲ့အချိန်မှာပဲ နှလုံးရောဂါရှိတဲ့ ဇနီးဖြစ်သူ ကွယ်လွန်ခဲ့ပါတယ်။ အသက် ၆၄ နှစ် အရွယ် ဦးညီပုဟာ ထောင်ထဲမှာပဲ မျက်စိတဖက် ကွယ်လုဖြစ်ခဲ့ပါတယ်။
ထောင်မကျခင်က မုံရွာ မြို့နယ်စည်းရုံးရေးမှူး တယောက်အဖြစ် တာဝန်ယူခဲ့ပြီး အခုပြန်လွတ်လာတဲ့နောက်မှာလည်း ပါတီမှာပဲ ဆက်လက် လှုပ်ရှားသွားမယ်လို့ ဦးညီပုက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားကူညီပေးရေး အဖွဲ့တွေကတော့ အခုအချိန်အထိ တပြည်လုံးက အကျဉ်းထောင် အသီးသီးမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀၀ ကျော် ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြ ပါတယ်။











