မြန်မာဂျာနယ်လစ် ၅ ဦးရဲ့ ငြိမ်ချမ်းရေး ဓာတ်ပုံပြပွဲ
ရွှေအောင်
·
June 25, 2012
မြန်မာဂျာနယ်လစ် ၅ ဦး (အားမာန်၊ စန်းယုကျော်၊ မျိုးမင်းထိုက်၊ ရဲနိုင်မိုး နှင့် စိုးဝင်းငြိမ်း) ရဲ့ ငြိမ်းချမ်းရေးဓာတ်ပုံပြပွဲတရပ်ကို မန္တလေးမြို့ ၃၁ လမ်းနဲ့ ၈၄ လမ်းထောင့် ဓမ္မသာလခန်းမမှာ ဒီနေ့ ဖွင့်လှစ်ပြသပါတယ်။
ပြပွဲမှာ ဓာတ်ပုံပေါင်း ၁၀၀ နီးပါး ပြသထားပြီး ကချင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို သွားရောက်သတင်းရယူခဲ့တုန်းက ဓာတ်ပုံတွေကို အဓိကထား ပြသထားတယ်လို့ ဂျာနယ်လစ်တဦးဖြစ်တဲ့ မော်ဒန်နဲ့ ကုမုဒြာဂျာနယ်က ကိုစန်းယုကျော်က ပြောပါတယ်။
ဒါ့အပြင် ဇွန် ၃၀ ရက်မှာ မြစ်ဆုံစီမံကိန်းရပ်နားတာ ၉ လပြည့် အထိမ်းအမှတ်အနေနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတချို့လည်း ထည့်သွင်းပြသထားပါတယ်။
ပြပွဲကို ၂၅ ရက်ကနေ ၂၇ ရက်နေ့ထိ ပြသသွားမှာဖြစ်ပြီး ပြပွဲမှာ ပြသထားတဲ့ ဓာတ်ပုံတွေကို ၁ ပုံ ကျပ် ၃ သောင်းနှုန်းနဲ့ ရောင်းချသွားမှာဖြစ်ပြီး ရရှိတဲ့ ငွေကြေး အားလုံးကို ကချင် စစ်ဘေးသင့်ပြည်သူတွေထံ သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။
ဂျာနယ်လစ် ၅ ဦးရဲ့ ငြိမ်းချမ်းရေး ဓာတ်ပုံပြပွဲကို ပြီးခဲ့တဲ့ ဇွန် ၉ ရက်က ရန်ကုန်မှာ ပထမဆုံး ခင်းကျင်းပြသခဲ့ပြီး ရန်ပုံငွေ ကျပ် ၁၄ သိန်း ရောင်းချရရှိခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။