အဂတိလိုက်စားတာနဲ့ ပတ်သက်ပြီး တိုင်ကြားခံရလို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ၀င်ရောက်စစ်ဆေးခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း ပုံမှန်ရုံးတက်နေတယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။
မေလ ၁၇ ရက်က ပြုလုပ်တဲ့ အစိုးရရဲ့ ဒုတိယ ၁ နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ဖြေဆိုတာပါ။
ရှင်းလင်းပွဲမှာ သတင်းထောက်တဦးက အဂတိနဲ့ပတ်သက်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း အိမ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး သွားလာခွင့် ကန့်သတ်ထားတယ်ဆိုတာ ဟုတ်၊ မဟုတ်နဲ့ ပုံမှန် ရုံးတက် ရုံးဆင်း ရှိ၊ မရှိ မေးမြန်းချက်ကိုတော့ ရှင်းလင်းပွဲနဲ့ တိုက်ရိုက်မဆိုင်တဲ့အတွက် ဖြေဆိုနိုင်ခြင်းမရှိဘူးလို့ ပြောဆိုခဲ့တာပါ။
“ဒီမေးခွန်းက ကျနော်တို့ ဖြေဆိုနိုင်ခြင်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်သမ္မတရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စသဖြင့် ဒီရုံးတွေ လုပ်တဲ့အလုပ်တွေကို ကျနော်တို့က ဝင်ဖြေပေးလို့ မရပါဘူး” လို့ ဒုဝန်ကြီးက ဆိုပါတယ်။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ရှင်းလင်းမှုတွေအပြီး ဝန်ကြီးပြန်အထွက်မှာတော့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းအနေနဲ့ ပုံမှန်ရုံးတက်တာရှိပြီး ပြည်ပခရီးစဉ် ထွက်ခွာဖို့တော့ မသိရှိဘူးလို့ ပြောပါတယ်။
“ပုံမှန်ရုံးတက်နေတယ်။ စစ်ဆေးမေးမြန်းတာတွေ ကျနော် သိသလောက်တော့ မတွေ့ဘူး။ ရုံးမှာ ကျနော် လာတဲ့အချိန်မှာ ရှိတယ်။ အစိုးရသတင်းစာမှာလည်း ဘာမှ ပါတာမရှိဘူး။ ဂျာနယ်တွေမှာ ပါတဲ့သတင်း ကျနော်တို့ သိတာလည်း အဲလောက်ပဲ။ အဲဖော်ပြတာတွေပဲ ဖတ်နေတာ။ နိုင်ငံခြားသွားဖို့ ခရီးစဉ်တွေကတော့ ဒီလိုပါပဲ။ ကြိုကြိုပြီးတော့ ဆွဲထားကြတာပေါ့။ သွားဖြစ် မသွားဖြစ်တော့ ကျနော် သေချာမသိဘူး။ လက်ရှိမှာ ကျနော် ဒီကိုလာတဲ့အချိန်မှာ ဝန်ကြီး ရုံးမှာရှိပါတယ်”လို့ ဦးမောင်မောင်ဝင်းက မီဒီယာတွေကိုပြောပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကတော့ အဂတိလိုက်စားတာနဲ့ ပတ်သက်ပြီး တိုင်ကြားခံရတဲ့အမှုတွေကို ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ လျှို့ဝှက်ထားရတာကြောင့် အမှုဖြစ်စဉ်တွေကို အသေးစိတ် မထုတ်ပြန်နိုင်သေးဘူးလို့ ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ၆ ဖွဲ့ ဖွဲ့ထားပြီး လက်ရှိမှာ တိုင်ကြားစာတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ ပြည်ြ့ပည့်စုံစုံရဖို့ ကြိုတင်စုံစမ်းမှု ၁၈ မှု လုပ်နေတယ်လို့ ဆိုပါတယ်။
အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူး ဦးအောင်မျိုးကတော့ စီမံဘဏ္ဍာဝန်ကြီးရဲ့ ရန်ကုန်က အိမ်မှာ ဝင်ရောက်စစ်ဆေးခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
Photo : MOI