DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း
DVB
·
June 23, 2012
ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့အရေးနဲ့ ပတ်သက်လို့ လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် ပြဿနာတွေကို ပထမ ဖြေရှင်းရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

[caption id="attachment_27037" align="alignleft" width="300" caption="ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း ပြောကြားနေစဉ် (ဓာတ်ပုံ-ရိုက်တာ)"][/caption]

ဥရောပနိုင်ငံတွေကို ခရီးထွက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်္ဂလန်နိုင်ငံရောက် ထောင်ချီတဲ့ မြန်မာတွေနဲ့ တွေ့ဆုံပွဲအတွင်း ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့ မေးဖြေခန်းမှာ ဖြေဆိုသွားတာ ဖြစ်ပါတယ်။

နှစ်ကာလကြာရှည် ဖြစ်တည်လာတဲ့ ပြဿနာတွေကို ကိုင်တွယ်ရာမှာ တရားဥပဒေစိုးမိုးရေး အခြေခံနဲ့ ကြီးတဲ့အမှုသေးအောင် သေးတဲ့အမှု ပပျောက်အောင် အားလုံးပူးပေါင်း ဖြေရှင်းရမယ်လို့ ဖြေပါတယ်။

“ကျမတို့ဟာ လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် ပြဿနာကို ဖြေရှင်းရမယ်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၊ လူမျိုးရေး၊ ဘာသာရေး ပြဿနာများကို နေ့ချင်းညချင်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အဲဒီဟာတွေက ရေရှည်မှာ နှစ်ပေါင်း တော်တော်များများ ဖြစ်လာတဲ့ပြဿနာတွေဖြစ်တယ်။ ဒီတော့ ချက်ချင်းလက်ငင်း ဒီလိုနည်းနဲ့ ဘာကိုဖြေရှင်းနိုင်မယ်ဆိုတာတော့ ကျမရှင်းပြခဲ့ပြီးပါပြီ။ အဲဒါကြောင့် ကျမပြောတာက ဥပဒေစိုးမိုးရေးနဲ့ဆိုင်တယ်။ ဥပဒေစိုးမိုးရေး ဆိုတာ နှစ်ဘက်ရှိပါတယ်။ တခုက ဥပဒေဆိုတာ ဘာလဲ၊ ဘာပါလဲ၊ နောက်ပြီးတော့ ဒီဥပဒေတွေ တကယ်ပဲ ထိထိရောက်ရောက် လိုက်နာအောင်လို့ အထူးသဖြင့် ဒီဥပဒေတွေက ထိရောက်အောင်လို့ လုပ်နိုင်တဲ့နည်းလမ်းတွေ ရှိရဲ့လားဆိုတာ အဲဒါကို အလေးထားပြီး ပြောတာပါ၊ ဒါက ချက်ချင်းလက်ငင်းလုပ်လို့ မပြီးသွားပါဘူး။

“ဥပမာဆိုရင် နိုင်ငံသားဥပဒေ၊ ကျမတို့ နိုင်ငံသားက နိုင်ငံသားဥပဒေဆိုတာ လိုတယ်။ နိုင်ငံသား ဥပဒေမှာ ဘာအချက်အလက်တွေ ပါသလဲ၊ ဒီအချက်အလက်တွေဟာ ကမ္ဘာ့စံမီရဲ့လား၊ နိုင်ငံတကာစံမီရဲ့လား၊ ဒါကို ကြည့်ရမယ်။ ကြည့်ပြီးတော့ ဒီလိုစံမီပြီဆိုရင် ဒီဥပဒေကို ထိရောက်အောင် လုပ်ကိုင်တဲ့ အနေအထား ကျမတို့မှာရှိပြီလား၊ ပြောရမယ်ဆိုရင် ဥပဒေစိုးမိုးရေး၊ ဒါဟာ ဖြစ်နိုင်တဲ့လုပ်ငန်းတွေ၊ နောက်တခုကလည်းပဲ ကျမတို့တွေရဲ့ အနောက်ပိုင်းမှာ နယ်စပ်မှာဆိုရင် ဖြတ်ကျော်တာက စည်းမဲ့ကမ်းမဲ့ဖြစ်နေတယ်။ အဲဒါကြောင့်လည်း ပြဿနာတွေဖြစ်လာတယ်။ တဖက်နိုင်ငံကလည်း ဒါက ဒို့နိုင်ငံသားတွေ မဟုတ်ဘူး၊ ဗမာပြည်ကလူတွေ၊ မြန်မာနိုင်ငံကလည်း ဒို့နိုင်ငံကလူတွေ မဟုတ်ဘူး၊ ဟိုဘက်က ကူးလာတာဆိုပြီးတော့ အဲဒီလို စွဲချက်တွေ ဖြစ်လာတာက စည်းမဲ့ကမ်းမဲ့ နယ်စပ်ကို ဖြတ်ကျော်မှုကြောင့် တနည်းအားဖြင့် ဒါလည်း ဥပဒေစိုးမိုးရေး မရှိတာပေါ့၊

“နောက်ပြီး နယ်စပ်မှာစောင့်တဲ့ အစိုးရဌာနတွေအနေနဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စနဲ့ မကင်းတဲ့ဟာတွေနဲ့ ဆိုင်တယ်။ လက်တွေ့ကျကျ ပြင်နိုင်တာတွေကို လက်တွေ့ကျကျ အမြန်ဆုံးပြင်ရမယ်။ ဘာသာမတူတဲ့ လူမျိုးများအကြားမှာ အမြင်မတူလို့ ပဋိပက္ခ ဖြစ်ကြပြီဆိုရင် ဒီဟာတွေပြေလည်သွားအောင် အားလုံး ၀ိုင်းပြီးတော့ ဖြေရှင်းမှရမယ်။ အကြမ်းဖက်နည်းနဲ့ မဖြစ်နိုင်ဘူး၊ ကျမတို့လက်တွေ့ကျကျ ပြင်နိုင်ရမယ်။ ဘာသာခြား လူမျိုးခြားအကြား တချို့ကပြောမယ်။ ပြေလည်မှုဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကမဟုတ်ဘူး။ ကမ္ဘာကြီးမှာ ပြေလည်မှုရတဲ့နေရာတွေ ရှိပါတယ်။ ကျမတို့ကနေ တကမ္ဘာလုံးကနေပြီးတော့ သင်ခန်းစာယူရမယ်။ ပြေလည်မှုရအောင် ဘယ်လိုနည်းတွေနဲ့ လုပ်မလဲ၊ ကြိုးစားမလဲ၊ တခြားနိုင်ငံတွေမှာ အဆင်ပြေတဲ့ နည်းတွေက ကျမတို့နိုင်ငံမှာ အဆင်ပြေချင်မှ ပြေလိမ့်မယ်။ နေ့ချင်းညချင်း ဖြေရှင်းလို့ မရဘူး၊ လက်တွေ့ကျကျ ဖြေရှင်းပြီးတော့ အမြန်ဆုံး ကြီးတဲ့ကိစ္စ သေးသွားအောင်၊ သေးတဲ့ကိစ္စ ပပျောက်သွားအောင် စလုပ်ရမှာပဲ။”

လူမျိုးမတူ၊ ဘာသာမတူကြပေမယ့်လည်း ကမ္ဘာ့လူသားတွေဟာ ကိုယ်နဲ့မတူတဲ့ တခြားလူမျိုး၊ တခြားဘာသာဝင်တွေကိုလည်း တန်ဖိုးထား လေးစားကြရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေးနဲ့ စပ်ဆိုင်တဲ့ မေးမြန်းချက်တခုကို ဖြေဆိုသွားပါတယ်။

“ကိုယ့်ရဲ့ဘာသာကို ကိုယ်လေးစားသလို ကိုယ့်ရဲ့လူမျိုးကို တန်ဖိုးထားသလို တခြားဘာသာဝင်တွေကိုလည်း လေးစားရမယ်။ နားလည်မှုရှိရမယ်။ ကိုယ်နဲ့မတူလို့ မကောင်းဘူးဆိုတဲ့ အမြင်က မမှန်ပါဘူး၊ ကျမတို့ သဘောထားကြီးရမယ်။ ဒီကမ္ဘာကြီးမှာ ဒီလောကကြီးမှာ နေတဲ့ ပုထုဇဉ် လူသားအားလုံးဟာ ဒုက္ခဆင်းရဲခြင်း ရင်ဆိုင်နေရပြီးတော့ ရုန်းကန်နေကြတယ်။ အဲဒီတော့ လူသားချင်း စာနာတဲ့စိတ်နဲ့ တဦးကိုတဦး အမြင်ကြည်လင်စေချင်တယ်။ ခွဲခြားဆက်ဆံမှုရဲ့ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ကြားမှာ ဘယ်လိုပြေလည်အောင် လုပ်နိုင်မလဲဆိုတဲ့ အတွေးအခေါ်တွေနဲ့ ဆက်ဆံကြပါလို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013