DVB Logo
Home
မြန်မာသတင်း
ဒေါ်စုအမွေဆိုင်အမှု တ၀က်စီခွဲယူရန် တရားရုံးဆုံးဖြတ်
DVB
·
June 24, 2012
ဒေါ်စုအမွေဆိုင်အမှု တ၀က်စီခွဲယူရန် တရားရုံးဆုံးဖြတ်
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီး ဦးအောင်ဆန်းဦးက ညီမဖြစ်သူထံကနေ မိဘအမွေ တ၀က်စီရလိုမှုနဲ့ စွဲဆိုထားတဲ့ အမွေဆိုင် အမှုကို သူတို့နှစ်ဦးဟာ သားနဲ့သမီး ဖြစ်ကြလို့ အညီအမျှ ရစေ၊ တဝက်စီ ခွဲဝေယူစေလို့ ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးက ဇွန် ၂၂ ရက်နေ့က အမိန့်ချမှတ်လိုက်ပါတယ်။

ဒီအမိန့်ကို ချမှတ်လိုက်ချိန်ဟာ တရားစွဲဆိုခံရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဥရောပ နိုင်ငံတွေကို ခရီးထွက်နေချိန်ဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဇနီးဒေါ်ခင်ကြည်တို့ရဲ့ ကျန်ရှိ သားသမီးနှစ်ဦးအနက် အစ်ကိုက ညီမနေထိုင်တဲ့ ရန်ကုန် အင်းလျားကန် နံဘေးက နေအိမ်ကို အမွေရလိုမှုနဲ့ တရားစွဲဆိုထားတာပါ။

ဒီသတင်းနဲ့ပတ်သက်လို့ ရှေ့နေများ ကွန်ရက်ရဲ့ ဦးအောင်သိန်းက “ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်း အစဉ်အလာအရ အမွေရှင်က ဗုဒ္ဓဘာသာ ကိုးကွယ်သူဖြစ်ပြီးတော့ အမွေဆိုင်တွေက ဗုဒ္ဓဘာသာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ နိုင်ငံခြားသား ဟုတ်သည်ဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ၊ သူက အမွေဆိုင် သားသမီးရှိတယ်ဆိုရင် အမွေခွဲဝေ ခံစားခွင့်ရှိတယ်ဆိုတာတော့ မူရင်းဥပဒေရဲ့ ပြဋ္ဌာန်းချက်ပဲ။ ဒီအပေါ်မှာတော့ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့က မွေးတဲ့သားသမီးဖြစ်တဲ့အတွက် အမွေဆိုင်ဖြစ်တဲ့အတွက် အမွေခွဲဝေခံစားခွင့် ရှိတယ်ဆိုပြီး ပြီးခဲ့တဲ့ရက်က ဆုံးဖြတ်ချက်ချလိုက်တာပေါ့၊ တယောက်တ၀က်စီပေါ့။

“ကျနော်တို့က နောက်ပိုင်းမှာ မရွှေ့မပြောင်းနိုင်တဲ့ ကန့်သတ်ချက်ဥပဒေဆိုတာလည်း ရှိတယ်။ အဲဒီဟာက နိုင်ငံခြားသား တယောက်က အဲဒီအချိန် အဲဒီအခါက ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းနဲ့ပတ်သက်ပြီး ခံစားခွင့်မရှိဘူး၊ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းနဲ့ပတ်သက်လို့ အမွေခံစားပိုင်ခွင့် ရှိသော်လည်း၊ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းနဲ့ပတ်သက်ပြီးတော့ ခံစားခွင့်မရှိဘူး။ အဲဒီလို ဥပဒေတရပ်က အထူးဥပဒေတရပ်အနေနဲ့ ပြဋ္ဌာန်းထားတော့ ဒီဥပဒေကိုလည်း ကျနော်တို့က မျက်ကွယ်ပြုလို့ မရဘူး။ အဲဒီလို အခြေခံမျိုးမှာ ဒီမြေကို ကျနော်တို့ ခွဲဝေပေးပါလို့ တောင်းဆိုလာလျှင် ယာယီခွင့်တောင်းမယ့် အခြေအနေမျိုးဆိုရင် ဒါမရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်လို့ နိုင်ငံခြားသား တယောက်အနေနဲ့ ခံစားပိုင်ခွင့် မရှိဘူးဆိုတဲ့ အဖြေတခုတော့ ထွက်လာမယ်လို့ ကျနော်ထင်တယ်။”

ကာယကံရှင်က ခရီးထွက်နေတာမို့ ဒီအမှုကို ဘယ်လို ဆက်လက်ရင်ဆိုင်မယ် ဆိုတာတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပနိုင်ငံတွေကို ရောက်ရှိနေပြီး ဦးအောင်ဆန်းဦးက အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013