DVB Logo
Home
မြန်မာသတင်း
ဂျာနယ်များ တရားစွဲခံနေရသည့်ကိစ္စ ဖြေရှင်းရန် စာနယ်ဇင်းအဖွဲ့တရပ်လို
DVB
·
June 22, 2012
ဂျာနယ်များ တရားစွဲခံနေရသည့်ကိစ္စ ဖြေရှင်းရန် စာနယ်ဇင်းအဖွဲ့တရပ်လို
Donate to DVB

ဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့က ဂျာနယ်တွေကို တရားစွဲဆိုနေတာနဲ့ ပတ်သက်ပြီး၊ ကြားဝင်ဖြေရှင်းပေးဖို့ လွတ်လပ်တဲ့ စာနယ်ဇင်းအဖွဲ့တရပ် ဖွဲ့စည်းဆောင်ရွက်ဖို့လိုပြီလို့ လွှတ်တော်ရေးရာ ကော်မတီဝင် တဦးက အကြံပြု တင်ပြလိုက်ပါတယ်။

ဇွန် ၂၁ ရက်က ရန်ကုန် စီးတီးဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှု နှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီနဲ့ စာနယ်ဇင်း မီဒီယာသမားတွေ တွေ့ဆုံပွဲ မှာ ကော်မတီဝင် ဦးရဲထွန်းက အကြံပြု ပြောဆိုခဲ့တာပါ။

လတ်တလော The Voice ဂျာနယ်ကို သတ္တုတွင်း ၀န်ကြီးဌာနက တရားစွဲဆိုထားမှု၊ လျှပ်တပြက် ဂျာနယ်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က တရားစွဲဆိုမှုတွေနဲ့ ပတ်သက်ပြီး၊ ဂျာနယ် အယ်ဒီတာ တချို့ရဲ့ တင်ပြချက်အပေါ် အကြံပြု ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဦးရဲထွန်းက “အစိုးရက သူနစ်နာပါတယ်ဆိုပြီးတော့ တရားစွဲတာ၊ ပုဂ္ဂလိက တစုံတယောက်က.၊ ဒီ ရေးသားတဲ့ သတင်းအတွက် သူတို့နစ်နာတာပါတယ်ဆိုတဲ့ တရားစွဲတာမျိုးတွေကို press council လို လွတ်လပ်တဲ့ သတင်းမီဒီယာ အဖွဲ့ကြီးကပေါ့နော်၊ အန်ဂျီအိုအဖွဲ့ကြီးကို အရင်တင်ပြပြီးတော့ အဲဒီမှာ အရင်ဖြေရှင်းစေတာမျိုးပေါ့။ အဲဒါ အဆင်မပြေမှ၊ ဒါမှမဟုတ် နစ်နာတယ်ဆိုတဲ့လူက မကျေနပ်မှ တရားရုံးကို ဆက်ပြီးတော့ တင်ဖို့ဆိုတာမျိုးပေါ့။ အဲဒါတော့ ကျနော်က အကြံပြုလိုက်တာပေါ့။”

တွေ့ဆုံပွဲတက်ခဲ့တဲ့ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဆရာဖေမြင့်က “ကျနော်မြင်တာက ဒီအနေအထားက စာပေစိစစ်ရေး စောစောက ရှိတယ်။ အဲဒီရဲ့ အောက်မှာ ကျနော်တို့ အလုပ် လုပ်နေရတယ်။ သိပ်ပြီး လွတ်လပ်ခွင့် မရှိခဲ့ဘူး။ အခု ကျနော်တို့က စာပေစိစစ်ရေး မရှိရင် လွတ်လွတ်လပ်လပ် ရေးသားခွင့် ရမယ်ဆိုတဲ့ အနေအထားကိုတော့ လိုချင်ကြတာပဲ။ ဒါပေမယ့်လို့ နှစ်ပေါင်းများစွာ ဒီအောက်မှာ နေလာတာကနေပြီး ဒီအကူးအပြောင်းကာလမှာတော့ နည်းနည်း အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်အောင်၊ နှစ်ပေါင်းများစွာ ဒီလို ထိန်းသိမ်းလာခဲ့တဲ့ အဖွဲ့အစည်းကလည်း နည်းနည်း စနစ်တကျလေး အကူးအပြောင်း အတွက်ကို အခုလို အထိအခိုက် သိပ်မများအောင်၊ မရှိအောင် သူတို့ဘက်ကလည်း ကမကထ လုပ်ပေးသင့်တယ်။ ကျနော်တို့ စာနယ်ဇင်းသမားတွေ ကိုယ်တိုင်ကလည်း ကိုယ့်ကိစ္စကို ကိုယ်စုပေါင်းပြီးတော့ ဖြေရှင်းနိုင်အောင်၊ ဒီအန္တရာယ်ကာကွယ်နိုင်အောင် လုပ်သင့်တယ်လို့ ကျနော်ကတော့ မြင်တယ်ဗျာ။”

မတ် ၁၂ ရက် ထုတ် The Voice Weekly မှာ ဖော်ပြခဲ့တဲ့ ၀န်ကြီးဌာနအချို့ ကျပ်သိန်းထောင်ချီ အလွဲသုံးစားပြုမှု သတင်းနဲ့ ပတ်သက်ပြီး၊ သတ္တုတွင်းဝန်ကြီးဌာနက ဂျာနယ်ကို အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားပြီး၊ တရားရင်ဆိုင်နေရပါတယ်။

ဇွန် ၉ ရက်ထုတ် လျှပ်တပြက်ဂျာနယ်မှာဖော်ပြခဲ့တဲ့ ရခိုင်အကြမ်းဖက် သတင်းဓာတ်ပုံဖော်ပြမှုနဲ့ ပတ်သက်ပြီး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပုဒ်မ၅၀၀(ခ)(ဂ)တို့နဲ့ တရားစွဲထားတဲ့အကြောင်း တရားရုံးက ဂျာနယ်တိုက်ကို နို့တစ်စာ ပေးပို့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013