နော်ဝေးနိုင်ငံရောက် ပြည်ထောင်စုစက်မှုဝန်ကြီး ဦးစိုးသိန်းနှင့်မေးမြန်းချက်
DVB
·
June 22, 2012

အစိုးရ ပြည်ထောင်စု စက်မှုဝန်ကြီး ဦးစိုးသိန်း နော်ဝေး နိုင်ငံကို လာရောက် လည်ပတ်စဉ် နော်ဝေး အစိုးရအရာရှိတွေ၊ထိပ်တန်း နော်ဝေးကုမ္ပဏီ တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်း မှာ နော်ဝေးနိုင်ငံက အကြီးဆုံး Telecommunication ကုမ္ပဏီဖြစ်တဲ့ တယ်လီနော်ကို လာရောက် လည်ပတ်စဉ်အတွင်းမှာ ဒီမိုကရက်တစ်မြန်မာ့အသံ ဒီဗွီဘီ လက်ထောက်ညွှန်ကြားရေးမှူးဦးခင်မောင်ဝင်း က မေးမြန်းထား ပါတယ်။
တယ်လီနော်က အာရှဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်နဲ့ ကျနော် နည်းနည်းလေး မေးကြည့်တော့ သူတို့က ဖြစ်နိုင်မယ် ဆိုရင်တော့ မြန်မာပြည်တွင်းမှာ တယ်လီနော် ဝင်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ Telecommunication ကဏ္ဍမှာ လုပ်ကိုင်ချင်တဲ့ သဘောထား ဆန္ဒရှိတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုပြောချင်ပါသလဲခင်ဗျ။
“ဒါကတော့ သူ့ဆန္ဒလေ၊ ကျနော်တို့နဲ့ အခုလုပ်နေတာကတော့ ကျနော်တို့က ပြန်ပြီး ICT(Information and Communication Technologies) ကဏ္ဍကတော့ ကျနော်တို့မှာ အများကြီး နေရာရှိနေ တာပေါ့နော်။ နိမ့်ကျနေတယ်ပေါ့။ နိမ့်ကျနေတော့ ကျနော်တို့ အခု ဘာလုပ်လဲဆိုတော့ national frame work ဆွဲနေတယ်။ ပြီးတော့ စည်းမျဉ်း စည်းကမ်းတွေ ပြန်လုပ်နေတယ်။ အဲဒါပြီးရင် ကျနော်တို့ နိုင်ငံတကာ တင်ဒါ ခေါ်မယ်။ နိုင်ငံတကာ တင်ဒါမှာတော့ အကုန်လုံးလျှောက်ကြမှာပေါ့။ လျှောက်တဲ့အပေါ်မှာ ကျနော်တို့က အကောင်းဆုံး မြန်မာ နိုင်ငံအတွက် အကျိုးအရှိဆုံး၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ တယ်လီဖုန်းတွေ ကျေးရွာတွေအထိ နှံ့သွားဖို့၊ နောက်တခါ ဘဏ်စနစ်တွေ တယ်လီဖုန်းကနေ လုပ်နိုင်ဖို့ education system အင်တာနက်တွေပေါ့။ ဒါတွေ ဖြန့်နိုင်ဖို့အဆင့်အထိ ကျနော်တို့ ကြိုးပမ်းနေတယ်။ ဒီပေါ်က ကျနော်တို့ ဆက်ပြီး လုပ်သွားမှာပါ။ သူရယ်လို့ မဟုတ်ဘူးလေ။ နိုင်ငံအတွက် အကောင်းဆုံးဖြစ်မယ့် လူ ရွေးချယ် မှာပေါ့။”
နော်ဝေးအစိုးရက မြန်မာပြည်ထဲမှာ ဝင်ပြီး အများကြီး အကူအညီပေးနေတာတွေလည်း ရှိတယ်။ ဒါကြောင့်မို့လို့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လာရင် နော်ဝေးအစိုးရကို မြန်မာဘက်ကနေပြီး ဦးစားပေးလိမ့်မယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း အပြင်မှာ ဝေဖန်ချက်တွေလည်း ရှိနေကြတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုများ ရှင်းပြချင်ပါသလဲ။
“ဒီလို မလုပ်ပါဘူး။ ကျနော် ဂျပန်သွားတော့လည်း ဂျပန် အစိုးရက ပြောပါတယ်၊ သူတို့လည်း ချေးငွေတွေ လျှော်တာနဲ့ ဘာနဲ့ ဆိုတော့လေ။ ဂျပန်ကုမ္ပဏီတွေကို ဦးစားပေးမလား။ နောက်တခါ ကိုရီးယားသွားတော့လည်း ဒီလိုပဲ မေးတာပေါ့လေ။ ကိုရီးယား ကုမ္ပဏီတွေကို ဘယ်လိုအခွင့်အရေးပေးမလဲ၊ လာချင်အောင်ပေါ့။ မဟုတ်ပါဘူး။ အခုက ကျနော်တို့ ညီတူညီမျှပဲ သွားရတယ်။ မသွားရင် မရဘူး။ ပွင့်လင်းမြင်သာမှုဖြစ်အောင် သွားရတယ်။ ညီတူညီမျှ ဆိုတာက နိုင်ငံမခွဲခြားဘူး၊ အရှေ့အနောက်၊ အိမ်နီးချင်း အားလုံး တူတူပဲ။ ပြီးရင် ဘာသာရေးတို့ဘာတို့ မခွဲခြားဘူး။ ပြည်တွင်းနဲ့ ပြည်ပကလည်း အတူတူပဲ။ သဘာဝပတ်ဝန်းကျင် အကာအကွယ်ပေးနိုင်မှု၊ ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့၊ ဒါတွေ အများကြီး အချက်တွေ စဉ်းစားရတယ်။ မျက်နှာသာပေးလို့ မရဘူး။ မျက်နှာသာပေးရင် ကျနော်တို့လည်း ကြာကြာခံမှာမဟုတ်ဘူး၊ ကျနော် ပြုတ်မှာ။”
ပြည်တွင်းမှာ ဖြစ်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်လို့ တော်တော်များများကတော့ အကောင်းဘက်နေပြီး အားပေးကြတယ်၊ အားရကြတယ်။ ဒါပေမယ့် ဝေဖန်ထောက်ပြနေတဲ့လူလည်း ရှိတယ်။ ဟိုဟာ ဒီဟာ လိုအပ်နေသေးတယ်၊ ဒီဟာက မပြည့်စုံသေးဘူးလို့။ အဲဒီတော့ ဝန်ကြီးဦးစိုးသိန်း ဆိုလို့ရှိရင် ပြည်တွင်းပြုပြင်ပြောင်းလဲရေး အခြေအနေတွေကို ဘယ်လိုမျိုး သုံးသပ် ရှင်းပြချင်ပါသလဲ။
“၁၀၀ ရာခိုင်နှုန်း အကောင်းဆုံး မျှော်မှန်းလို့ကတော့ ကျနော်လည်း ဖြစ်ချင်တာပေါ့။ ဒါပေမယ့် ဖြစ်ချင်မှ ဖြစ်ဦးမှာပေါ့ မဟုတ်ဘူးလား။ ကြိုးစားပြီး အကောင်းဘက်ကို သွားနေတာပဲ မြင်ရ မှာပေါ့။ မနေ့တုန်းကနဲ့ ဒီနေ့ တိုးတက်လာတာ မြင်ရမှာပေါ့။ ဟိုနောက်. တကယ့် အိပ်မက်ကိုတော့ တချို့နိုင်ငံတွေမှာ မရှိသေးပါဘူး။ ကျနော်တို့နားက ဒေသတွင်းတွေမှာကိုက၊ ဥပမာ ဗီယက်နမ်တို့လို၊ တရုတ်တို့လို၊ ကမ္ဘောဒီယား။ အခြားနိုင်ငံနဲ့ ယှဉ်ရင် ပြည်စုံတယ်လို့၊ အိပ်မက် အတိုင်း မဖြစ်သေးပါဘူး။
ဒီတော့ ကျနော်တို့က ကြိုးစားနေတယ် မနေ့ကထက် ဒီနေ့ကောင်းတယ်။ ဒီနေ့ထက် မနက်ဖြန် ကောင်းမယ်။ ကျနော်တို့ပြည်သူတွေ ကြီးပွားတိုးတက်ဖို့၊ ဆင်းရဲမှုတွေ လျှော့ပါးဖို့၊ အကောင်းဆုံးစနစ်က ဒီမိုကရေစီဖြစ်တယ်။ ဒီမိုကရေစီလမ်းကြောင်းကို ကျနော်တို့ ရေရှည်တည်တံ့မယ့် ဒီမိုကရေစီပေါ့။ ဒီလိုဖြစ်အောင် သွားရမယ်။ ခဏလေးနဲ့ ဆေးမီးတိုနဲ့ ကုလို့လည်း မရဘူး။ ဒါပေမဲ့လို့ သွားတဲ့လမ်းကြောင်းက အော် မှန်နေပါလားဆိုတာတော့ အားလုံးအသိအမှတ်ပြုဖို့ ကောင်းတယ်။ ကိုယ်လိုချင်တာတော့ ဖြစ်ချင်မှ ဖြစ်မယ်။ တချို့အလုပ်လေးတွေကတော့ နေ့ချင်း ညချင်း နက်ရေကန်ထဲချပြီးတော့ တခါတည်း ၁၆ နှစ်သား ဖြစ်လို့တော့ မရသေးဘူး။ ကိုးလလွယ် ဆယ်လမွေး ဆိုတော့၊ ကိုးလလွယ် ဆယ်လမှပဲ မွေးလို့ ရမှာ။ ဒါပေမယ့်လို့ ဘာဖြစ်နေလဲ ဆိုတာပေါ်မှာ ကြည့်ရ မယ်။ သွားနေတဲ့ လမ်းကြောင်းက မှန်ရဲ့လား၊ ဒီလူတွေ ညာနေသလား၊ မဟုတ်ဘူးလား ဒါလေးတွေ လုပ်။ အခုဆိုရင် ကျနော်တို့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အတိုင်းအတာတခု နည်းနည်းတော့ တိုးလာတာပေါ့ဗျာ ဟုတ်ဘူးလား။ ငြိမ်းချမ်းရေးလုပ်ရတယ်ဆိုတာ ခရီးရှည်ပါပဲ။ နိုင်ငံရေးတည်ငြိမ်မှု အခြေအနေ ကလည်း ပြည်တွင်းရော ပြည်ပရော မနှစ်ကနဲ့ ပြန်ကြည့်ရင် အများကြီး တိုးတက်သွား ပါတယ် ဒီနှစ်။ ထို့အတူပဲ ပြည်သူတွေ စီးပွားရေး စိတ်ညစ်နေတယ်၊ ပြည်သူတွေ စိတ်ချမ်းသာအောင်၊ ပြည်သူတွေ ဆင်းရဲနေတယ်၊ ပြည်သူတွေ အလုပ်အကိုင်တွေ မရှိဘူး၊ ဒါတွေလည်း ကျနော်တို့ ရအောင် လုပ်နေတယ်။ ဒါပေမယ့် နေ့ချင်းညချင်းကတော့ မဖြစ်သေးဘူးဗျ။ ကျနော်လည်း သိပ်ဖြစ်ချင်တယ် ဒါပေမယ့် မဖြစ်သေးဘူး။ သို့သော်လည်း ကျနော်တို့ ကြိုးပမ်းနေ တာတော့ အသိအမှတ်ပြုဖို့ ကောင်းတယ်။”
