Home
မြန်မာသတင်း
စစ်တွေ ဆက်ရိုးကျ ကယ်ဆယ်ရေးစခန်း မီးလောင်၊ နေအိမ် ၁၇ လုံး ဆုံးရှုံး
DVB
·
May 15, 2018
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဆက်ရိုးကျ မြို့သစ်အကွက် အမှတ် ၁ ကယ်ဆယ်ရေးစခန်းမှာ ဒီကနေ့ မီးလောင်မှုကြောင့် နေအိမ် ၁၇ လုံး မီးထဲပါသွားပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းမှာ နေအိမ်တလုံး မီးလောင်ကျွမ်းရာကနေ တခြားအိမ်တွေ ကူးစက်ပြီး နေအိမ် ၁၇ လုံးနဲ့ တန်းဖိုးခန့်မှန်းခြေ ကျပ်သိန်း ၅၀ ကျော်ဖိုး ဆုံးရှုံးသွားတယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဌာနက ညွှန်ကြားရေးမှူး ဦးသော်ဒါက ဒီဗွီဘီကို ပြောပါတယ်။ “စတင်မီးလောင်အိမ်က အိမ်နံပတ် ၁၅၁ ကပါ။ အဖွားကြီး တယောက်တည်း နေတာ။ သူတို့ပြောတာကတော့ လမ်းမီးကနေ စ မီးထွက်တယ်လို့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ သူတို့ပြောလို့ အတည်ယူလို့မရဘူး။ မီးလောင်တဲ့ အကြောင်းရင်းကို စစ်ဆေးဆဲပါ။ လျှပ်စစ်နဲ့ပေါင်းပြီး အဖြစ်မှန်ရရှိရေး စစ်ဆေးဆဲ ရှိပါသေးတယ်။ ဆုံးရှုံးမှု တန်ဖိုးကတော့ ကျပ် ၅၁ သိန်းခန့် ရှိပါတယ်။ အိမ် ၁၇ လုံးပါ။ ပေ ၂၀x၃၀ သွပ်မိုး၊ ဝါးကာ၊ မီးလောင်ကျွမ်းတာကတော့ ၁၅ လုံးပါ။ မီးကူးမှာစိုးလို့ ဖျက်ပစ်လိုက်တာ ၂ လုံး၊ အားလုံး စုစုပေါင်း၁၇ လုံး ပျက်စီးသွားပါတယ်”လို့ ပြောပါတယ်။ မီးသတ်ဌာနက သတင်းရတဲ့အချိန်မှာ နေအိမ်သုံးလုံးကို မီးလောင်ကျွမ်းနေပြီ ဖြစ်ပြီး မနက် ၁၁ နာရီ ၅၀ မိနစ်မှာ  မီးထိန်းနိုင်ခဲ့ကာ ၁၂ နာရီ ၁၀ မိနစ်မှာ မီးလုံးဝငြိမ်းသွားတယ်လို့ မီးသတ်အရာရှိက ပြောပါတယ်။ နေအိမ် မီးထဲပါသွားတဲ့ ဒေါ်အေးအေးခိုင်က “ကျမမှာ အိမ်တဆောင်ရှိတာ၊ မိုးရာသီ ရောက်လာလို့ ရှေ့က အမိုးတခုလုပ်နေတာ၊ ငါးသိန်းဖိုးလောက် ကုန်ထားပြီးပြီ၊ အဲ့ဒီမှာ နေအိမ်လောင်တာမှာ ပါသွားတယ်”လို့ပြောပါတယ်။ မီးလောင်တဲ့နေရာကို မီးသတ်ကားတွေ ဝင်ရောက်ရာမှာ ကားနှစ်စီး မရှောင်သာတဲ့အတွက် ခက်ခက်ခဲခဲ ဝင်ရောက် မီးငြှိမ်းသတ်ခဲ့ရတာ ဖြစ်ပါတယ်။ မီးသတ်၊ ရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေ အပါအဝင် ရပ်ကွက်ပြည်သူတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်လို့ တခြားအိမ်တွေ ကူးစက်မှုမရှိဘဲ မီးငြိမ်းသွားခဲ့တာပါ။ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း နေအိမ်တွေ မီးလောင်ခံရတဲ့ ရခိုင်တိုင်းရင်းသားတွေကို ဆက်ရိုးကျ ကယ်ဆယ်ရေးစခန်းမှာ အစိုးရက နေရာချပေးထားတာ ဖြစ်ပါတယ်။ သတင်း - ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024