Home
မြန်မာသတင်း
စစ်ဘေးရှောင်ပြည်သူတွေအတွက် တိုက်ပွဲဝင် ကချင်အမျိုးသမီးငယ်တဦး
DVB
·
May 15, 2018
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က အစိုးရရုံးဘေးမှာ ကချင်လူငယ် ၃၀၀ ကျော် လောက်ကို အားမလျှော့ဘဲ ငြိမ်းချမ်းရေးအတွက်  ဆက်လက်တိုက်ပွဲဝင်ကြဖို့ ကချင်တိုင်းရင်းသူ အမျိုးသမီးလေးတဦးက လက်ကိုင်စပီကာနဲ့ ဆော်သြနေပါတယ်။ လူငယ်တွေ အားတင်းထားကြဖို့နဲ့ တောင်းဆိုချက်မရမချင်း အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ဆက်လက်တောင်းဆိုသွားမယ် ဆိုတာကို သူက ကချင်ဘာသာနဲ့ နှိုးဆော်နေတာလည်း ဖြစ်ပါတယ်။ သူကတော့ အသက် ၂၄ နှစ်သာရှိသေးတဲ့ ကချင်လူငယ်အမျိုးသမီး တနိုင်းသူ မဆွတ်ဆိုင်းထွယ်ပဲ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် မိဘတွေက သူ့ကို စစ်ဘေးရှောင်နေရင်းကနေပဲ တနိုင်းချောင်းနားမှာ မွေးဖွားခဲ့သူဖြစ်ပြီး  ၂၀၁၈ ခုနှစ်မှာတော့ စစ်ဘေးကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို အမြန်ဆုံး ကယ်ထုတ်ပေးဖို့ တောင်းဆိုနေတဲ့ သပိတ်စခန်းက ခေါင်းဆောင်တဦး ဖြစ်လာပါတော့တယ်။ ကချင်လူငယ်အမျိုးသမီး မဆွတ်ဆိုင်းထွယ်ဟာ နိုင်ငံရေးနဲ့ဆက်နွှယ်တဲ့ လောကကို မရောက်ခင် ကချင်ပြည်နယ်မှာ လူသိများတဲ့ အဆိုတော်တဦး ဖြစ်ခဲ့ပါတယ်။ မုံရွာတက္ကသိုလ်မှာ စီးပွားရေးစီမံခန့်ခွဲမှု ဘာသာအဓိကနဲ့ ပညာသင်နေဆဲမှာပဲ ပထမနှစ်မှာ သူငယ်ချင်းနှစ်ယောက်နဲ့ ပေါင်းပြီး JUNG ဆိုတဲ့အဖွဲ့ ဖွဲ့ကာ ‘ရွေ့လျားတဲ့အချစ်’ဆိုတဲ့ အဓိပ္ပာယ်ရှိတဲ့ သီချင်းခွေကို အသက် ၁၇ နှစ်အရွယ်မှာ ထုတ်ဖြစ်ခဲ့ပါတယ်။ “သူငယ်ချင်းသုံးယောက်ပေါင်းပြီး ဆိုဖြစ်ခဲ့တာပေါ့။ ရန်ကုန် studio D မှာ သွင်းဖြစ်တယ်။ တော်တော်ငယ်သေးတယ်။ အဲဒီတုန်းက ၁၈နှစ်တောင် မပြည့်သေးဘူး။ ကလေးတွေပဲဆိုတော့ ထုတ်လုပ်သူကလည်း ကောင်းကောင်းမလုပ်ပေးဘူး။ ပိုက်ဆံသိပ်မရတော့ ကောင်းကောင်း မလုပ်ပေးခဲ့ဘူး”လို့ သူက ပြောပါတယ်။ စီးပွားရေးစီမံခန့်ခွဲမှုနဲ့ မုံရွာတက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက်မှာတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို သွားရောက်ခဲ့ပြီး အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး အကြောင်းအရာတွေကို လေ့လာသင်ယူဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ငယ်စဉ်ကတော့ ဆရာဝန်တဦးဖြစ်ချင်တဲ့ ရည်မှန်းချက်ရှိတဲ့ မဆွတ်ဆိုင်းထွယ်ဟာ နိုင်ငံရေးလောကကို ဝင်ရောက်ဖို့ တခါမှတော့ မစဉ်းစားခဲ့မိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ကချင်လူငယ်ထု သပိတ်စခန်းဟာ သူ့အတွက် နိုင်ငံရေးလောကကို ဝင်ရောက်စေဖို့ ခွန်အားဖြစ်စေတယ်လို့လည်း ဆိုပါတယ်။ “စီးပွားရေးလုပ်ပြီး သီချင်းဆိုချင်တာပါ။ ဒါပေမယ့် ကချင်မှာ ဖြစ်နေတာတွေက အစ်မကို ဒီလောကထဲ တိုးဝင်ဖို့ တွန်းအားပေးနေသလိုပဲ။ မိန်းကလေးတဦးအတွက်က နိုင်ငံရေး အလုပ်ဆိုတာ အန္တရာယ်များတယ်။ ကိုယ် စကားတခွန်း မှားလိုက်တာနဲ့ အချိန်မရွေး အဖမ်းခံရတဲ့ အနေအထား ရှိတယ်။ ဒါပေမယ့် အခုလို ပြည်သူတွေ ဒုက္ခရောက်တာ မြင်နေရတော့ မဖြစ်တော့ဘူးဆိုပြီး အခုလို သပိတ်စခန်းမှာ ခေါင်းဆောင်အဖြစ် ပါဝင်ဖြစ်သွားတာပါ”လို့ မဆွတ်ဆိုင်းထွယ်က ပြောပါတယ်။ ကချင်လူငယ်ထုသပိတ်စခန်းကို ဦးဆောင်ခဲ့တဲ့ မဆွတ်ဆိုင်းထွယ်ဟာ မြစ်ကြီးနားမြို့နယ်မှာ သပိတ်စခန်းစဖွင့်တဲ့ အချိန်ကစပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ တပ်မတော်ကို အားပေးထောက်ခံသူတချို့ရဲ့ ဝေဖန်ရှုတ်ချခြင်းကို ခံခဲ့ရပါတယ်။ အထူးသဖြင့် သပိတ်စခန်းတခုလုံးကို ပြင်းပြင်ထန်ထန် ဝေဖန်ခဲ့ကြသလို မဆွတ်ဆိုင်းထွယ် အပါအဝင် သပိတ်စခန်းခေါင်းဆောင် အချို့အပေါ်လည်း ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ လုပ်တာလည်း ခံခဲ့ရပါတယ်။ အသက် ၂၄ နှစ်အရွယ်သာ ရှိသေးတဲ့ မဆွတ်ဆိုင်းထွယ်က သူ့အနေနဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင်တယောက် မဟုတ်ကြောင်း ငြင်းဆိုပေမယ့် ကေအိုင်အေတပ်ဘက်က ဖိတ်ကြားမှုအရ သီချင်းဆိုခဲ့ဖူးကြောင်းနဲ့ ချင်းမိုင်မှာ နိုင်ငံရေးနဲ့ အမျိုးသမီးအကြောင်း သွားရောက်လေ့လာတဲ့ အချိန်မှာ ဗိုလ်ချုပ်ဂွမ်မော်နဲ့ တွေ့ဆုံခဲ့တာကြောင့် ဓာတ်ပုံတွဲရိုက်ခဲ့ဖူးတယ်လို့ ရှင်းပြပါတယ်။ “ကေအိုင်အေတပ်ဘက်ကို ၁၀ ကြိမ်လောက် ရောက်ဖူးတယ်။ အဲဒီအချိန်မှာ ဓာတ်ပုံတွေ ရိုက်ခဲ့တယ်။ ဘုရားကျောင်းက ရန်ပုံငွေရှာတဲ့ပွဲတွေနဲ့ ပယင်းမှော်တွေဘက်ထိ ရောက်ခဲ့တယ်။ ချင်းမိုင်မှာနေတုန်းကလည်း ဗိုလ်ချုပ်ဂွမ်မော်နဲ့တွေ့တော့ အားလုံးက ဓာတ်ပုံဝိုင်းရိုက်ကြတာ ဘေးမှာလည်း သူ့မိန်းမပါတယ်”လို့ ပြောပါတယ်။ မဆွတ်ဆိုင်းထွယ်နဲ့အတူ သီချင်းခွေထုတ်ထားတဲ့ မနန်းဆိုင်းနွယ်ကတော့ သူ့သူငယ်ချင်းပုံကို အင်တာနက်စာမျက်နှာတွေမှာ မမှန်တဲ့ အကြောင်းအရာတွေနဲ့ တိုက်ခိုက်တာကို တွေ့ရတဲ့အခါ ဒေါသထွက်မိတယ်လို့ ပြောပါတယ်။ “အစက မြင်တော့ သူငယ်ချင်းအတွက် တော်တော်စိတ်တိုမိတယ်။ ကချင်မှာက တခုခု လုပ်ပြီဆိုရင် တဖက်လော်ဘီတွေက မဟုတ်မမှန် ပြောကြတယ်။ ဒါပေမယ့် တကယ်မဟုတ်တဲ့အတွက် ရယ်ပဲရယ်ချင်နေမိတယ်”လို့ မနန်းဆိုင်းနွယ်က ဆိုပါတယ်။ ဒါ့အပြင် မဆွတ်ဆိုင်းထွယ်က ကချင်ပြည်သူတွေဟာ ကေအိုင်အေနဲ့ ဆွေမျိုးအဖြစ် ဆက်စပ်ပတ်သက်မှု ရှိကြပေမယ့် ကချင်ပြည်သူတိုင်းဟာ ကေအိုင်အေအဖွဲ့ကလို့ ပြောလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။ ကေအိုင်အေဘက်က ထိုးစစ်ဆင်တာတွေလုပ်ခဲ့ရင်လည်း ကချင်တိုင်းရင်းသားတွေအနေနဲ့ ကန့်ကွက်ရှုတ်ချရမယ်လို့လည်း ပြောပါတယ်။ “ကေအိုင်အေဆိုတာကလည်း ဘယ်ဂြိုဟ်ကမှပေါက်လာတာ မဟုတ်ဘူး။ ကချင်ထဲက ကချင်ပဲ။ အဲ့ဒါကြောင့် ကချင်တွေက ကေအိုင်အေနဲ့ ဆက်စပ်ပတ်သက်မှု ရှိတယ်ဆိုပေမယ့်လည်း ကချင်တိုင်းကို ကေအိုင်အေလို့တော့ ပြောလို့မရဘူး။ အခု ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ရဲ့ အမျိုးတွေဆိုလည်း ကေအိုင်အေထဲမှာ ရှိတာပဲ။ နောက်ပြီး ကေအိုင်အေကသာ ပြည်သူတွေကို ဒုက္ခပေးခဲ့လို့ရှိရင်လည်း ပါးစပ်ပိတ်နေမှာ မဟုတ်ဘူး။ ကိုယ့်လူမျိုးလည်း ဖြစ်သေးတယ်။ ဒါမျိုးတွေလုပ်လို့ကတော့ အော်ရမှာပဲ” လို့ သူက ပြောပါတယ်။ ဒါပေမယ့် ကေအိုင်အေကတော့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အချိန်ကစပြီး ဒီနေ့ အချိန်ထိ တပ်မတော်အပေါ် တမင်ထိုးစစ်ဆင်တာတွေ လုပ်ခဲ့တာ မရှိသေးဘူးလို့ မဆွတ်ဆိုင်းထွယ်က သူ့အမြင်ကို ဆက်ပြောပါတယ်။ ကေအိုင်အေနဲ့ တပ်မတော်တို့အကြားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိပြည်သူတွေကို ကယ်ထုတ်ပေးဖို့ တောင်းဆိုတဲ့ သပိတ်စခန်းဟာ သူ့အတွက်သာမက ကချင်လူငယ်ထု တခုလုံးအတွက် ပထမဦးဆုံးအကြိမ် ဖြစ်တာကြောင့် လိုအပ်ချက်တွေ အားနည်းချက်တွေ ရှိခဲ့တယ်လို့လည်း ဝန်ခံပြောဆိုပါတယ်။ “တောင်းဆိုတဲ့အပိုင်းတွေမှာ လူငယ်တွေဘက်က လျှော့ပေးခဲ့လိုက်ရတာတွေ ရှိတယ်။ ခပ်ပြင်းပြင်းပြောရမှာကို မပြောခဲ့မိတာတွေက အားနည်းချက်ပေါ့”လို့ မဆွတ်ဆိုင်းထွယ်က ပြောပါတယ်။ ဒါ့အပြင် ပြည်နယ်အစိုးရဘက်ကလည်း မဆွတ်ဆိုင်းထွယ်တို့ ဦးဆောင်တဲ့ သပိတ်စခန်းကို အသိအမှတ်ပြုတဲ့ပုံ မရှိတဲ့အပေါ် သူက ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်ရဲ့ ပြောကြားချက်တွေက ကချင်လူငယ်ထုတွေ အကုန်လုံးကို စော်ကားလိုက်တာဖြစ်တယ်လို့ မခံမရပ်နိုင်ပြောပြပါတယ်။ “ဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်တောင်းဆိုနေတာကို အခုလိုပြောလိုက်တော့ လူငယ်တွေအားလုံး စိတ်ပျက်သွားတာပေါ့”လို့  မဆွတ်ဆိုင်းထွယ်က ဆိုပါတယ်။ ပိတ်မိပြည်သူအရေးတောင်းဆိုရင်း လူပိုသိလာတဲ့ မဆွတ်ဆိုင်းထွယ်ဟာ အစိုးရအပေါ် သူတို့ရဲ့ တောင်းဆိုတဲ့တိုက်ပွဲဟာ ပြီးဆုံးသွားခြင်းမရှိသေးဘဲ လွတ်မြောက်လာတဲ့ ပိတ်မိပြည်သူတွေအပေါ် အစိုးရရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို ဆက်ပြီး စောင့်ကြည့်ဦးမှာ ဖြစ်တယ်လို့ သူ့ခံယူချက်ကို ပြောပါတယ်။ “ဖြစ်နိုင်ရင် စစ်ဘေးရှောင်တွေ ကိစ္စအားလုံး အဆင်ပြေသွားအောင် လူစွမ်းကောင်း တယောက်လို လုပ်ပေးလိုက်ချင်တယ်” လို့ ဆိုပါတယ်။ အခုချိန်မှာတော့ မြစ်ကြီးနားမြို့နယ်မှာ ပိတ်မိပြည်သူအရေး တိုက်ပွဲဝင်နေကြတဲ့ သူတွေကတော့ သူတို့ရဲ့ တိုက်ပွဲက မပြီးသေးဘူးလို့ ခံယူထားကြပါတယ်။ မဆွတ်ဆိုင်းထွယ်ကလည်း ပိတ်မိပြည်သူအရေးနဲ့ စစ်ဘေးရှောင်တွေအရေးအတွက် ဆက်လက်တိုက်ပွဲဝင်ဖို့ သန္နိဋ္ဌာန်ချပါတယ်။ သတင်း - ရဲမွန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024