DVB Logo
Home
အနုပညာ
ရခိုင်ဒုက္ခသည်များအတွက် ရုပ်ရှင်အစည်းအရုံးက ရန်ပုံငွေပဒေသာကပွဲ ကျင်းပမည်
DVB
·
June 22, 2012
ရခိုင်ဒုက္ခသည်များအတွက် ရုပ်ရှင်အစည်းအရုံးက ရန်ပုံငွေပဒေသာကပွဲ ကျင်းပမည်
Donate to DVB

ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် အကူအညီပေးဖို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးစီးပြီး နာမည်ကြီး အနုပညာရှင်တွေ အများအပြား ပါဝင်မယ့်  ရန်ပုံငွေပဒေသာကပွဲတခု ဖျော်ဖြေဖို့ စီစဉ်နေပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် အတိဒုက္ခ ရောက်ခဲ့ကြရတဲ့ ရခိုင်ပြည်နယ်တွင်းက တိုင်းရင်းသားပြည်သူတွေရဲ့ ပြန်လည်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အတွက် ဒီပဒေသာကပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။

ရန်ပုံငွေပဒေသာကပွဲမှာ အနုပညာရှင်တွေ ဟာ စေတနာအရ ပါဝင်ကူညီတာဖြစ်ပြီး ဘယ်အနုပညာရှင်ကို မှ အမိန့်အာဏာသုံးပြီး ဖိအားပေးပါဝင်ခိုင်းမှာ မဟုတ်တဲ့ အကြောင်း၊ တိုင်းရင်းသားတွေ အရေးကြုံလာရင် အနုပညာရှင်တွေဟာ ခေါင်းရှောင်နေမှာ မဟုတ်ဘူးလို့  ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ရန်ုကုန်မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်လင်းပွဲမှာ ပြောကြားသွားပါတယ်။

“ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ကျနော်တို့ တိုင်းရင်းသာပေါင်းစုံ အနုပညာရှင်များ၊ အတတ်ပညာရှင်များ ပါဝင်နေကြတာပါ။ ဒီအတွက် တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ကျနော်တို့သည် မည်သည့်အခါမှ ခေါင်းရှောင်မှာ မဟုတ်ဘူး။”

ပဒေသာကပွဲမှာ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ လူမင်း၊ မင်းမော်ကွန်း၊ ဝေဠုကျော်၊ နေတိုး၊ ခန့်စည်သူ၊ မြင့်မြတ်၊ နေထက်လင်း၊ ပြေတီဦး စတဲ့မင်းသားတွေနဲ့ မင်းသမီးတွေထဲက ထွန်းအိန္ဒြာဗို၊ သက်မွန်မြင့်၊ ၀တ်မှုန်ရွှေရည်၊ ၀ိုင်းစုခိုင်သိန်း၊ ဖြူဖြူကျော်သိန်း၊ အေသင်ချိုဆွေ စတဲ့ နာမည်ကျော်အဆိုတော်တွေလည်း ပါဝင်ကပြ ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

ပဒေသာကပွဲနဲ့အတူ ဒါရိုက်တာမောင်မျိုးမင်းရဲ့ ညီညွတ်ခြင်းနှင်းဆီအငြိမ့်လည်း ကပြဖျော်ဖြေဖို့ ရှိပါတယ်။ ဒီအငြိမ့်မှာ မင်းသား နေတိုး၊ ကျော်ကျော်ဗိုနဲ့ အဆိုတော် ရဲလေး၊ ထွန်းထွန်းနဲ့ မိုးမိုးတို့ပါဝင်မှာဖြစ်ပြီး မင်းသမီးတွေကတော့ ဖူးစုံ၊ မိုးယုစံနဲ့ မေကဗျာတို့ ဖြစ်ပါတယ်။

ဒီပဒေသာကပွဲကို အခု ၃၀ ရက်နေ့ စနေနေ့ ည ၇ နာရီမှာ ရန်ကုန်မြို့ မြို့မကျောင်းလမ်းမှာရှိတဲ့ အမျိုးသားဇာတ်ရုံမှာ ကပြဖျော်ဖြေသွားမှာဖြစ်ပြီး ၀င်ကြေးတွေကို ကျပ် ၂ သောင်း၊ ၁ သောင်းခွဲနဲ့ ၆ ထောင် အသီးသီး သတ်မှတ်ထားပါတယ်။  ၂၉ ရက်နေ့မှာတော့  အနုပညာရှင်တွေ အုပ်စု ၃ စုခွဲပြီး Juntion Square၊ Juntion (မော်တင်)နဲ့ တော်ဝင်စင်တာတွေမှာ လိုက်လံ အလှူခံမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ အသစ် ပြန်လည်ဖွဲ့စည်းပြီးနောက်  အခုလထဲမှာပဲ ကချင်ပြည်နယ်က စစ်ဘေးရှောင် ပြည်သူတွေအတွက် ရန်ပုံငွေ ပဒေသာကပွဲ ကပြဖျော်ဖြေခဲ့ပြီး အခုပြုလုပ်မယ့် ရန်ပုံငွေဖျော်ဖြေပွဲဟာ ဒုတိယ အကြိမ်မြောက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကချင်စစ်ဘေးရှောင်ပြည်သူတွေအတွက် ရန်ပုံငွေပွဲမှာ အခြား အလှူငွေတွေ အပါအ၀င် စုစုပေါင်း သိန်း ၁၂၀၀ ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ မင်းသမီး မင်းသားတွေကလည်း ရခိုင်ဒုက္ခသည်တွေ အတွက် အလှူငွေတွေ ထည့်ဝင်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြီး ရွှေသံလွင်ကုမ္ပဏီကတော့ အလှူငွေ ကျပ်သိန်း ၅၀၀ လာရောက် လှူဒါန်းသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013