Home
မြန်မာသတင်း
ရပ်နားထားသည့် လွှတ်တော်အစည်းအဝေးများပြန်စ
DVB
·
May 14, 2018
  သင်္ကြန်မတိုင်ခင်ကတည်းက ရပ်နားထားတဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွေကို ဒီကနေ့ မေလ ၁၄ ရက်မနက်မှာ ပြန်လည်စတင် ကျင်းပနေပါတယ်။ ဒီကနေ့ ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေးအစီအစဉ်မှာတော့ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ဥပဒေနဲ့ ပတ်သက်ပြီး တင်ပြ အဆုံး အဖြတ်ရယူဖို့ရှိနေပါတယ်။ ဒါ့အပြင် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်တွေမှာ စီအိုအီး (Centre of Excellent) ကျောင်းတွေ ဖွင့်လှစ်ထားရှိရာမှာ ၄င်းတက္ကသိုလ်တွေက ဘွဲ့ရသူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ တခြားတက္ကသိုလ်တွေက ရရှိတဲ့ဘွဲ့ ကွာခြားမှုရှိမရှိ၊ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာနဲ့ အတူ ပူးတွဲပေးပို့ရတဲ့ ထောက်ခံစာတွေအနက် အကျင့်စာရိတ္တကောင်းမွန်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူရဲ့ ထောက်ခံစာကို ပယ်ဖျက်ပေးဖို့ ရှိမရှိ မေးမြန်းချက်တွေ ပါဝင်ပါတယ်။ ဒီကနေ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးအစီအစဉ်တွေထဲမှာတော့ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တည်ထွင်မှု  ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ရှိနေပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်ရဲ့ သတ္တမပုံမှန်အစည်းအဝေးတွေကို မတ်လ ၂၉ ရက်ကတည်းက ရပ်နားထားခဲ့တာဖြစ်ပါတယ်။ ဒီတကြိမ်ပြန်စတဲ့ လွှတ်တော်တွေမှာ ဘတ်ဂျက်အသစ်နဲ့ပတ်သက်လို့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေမှာ အသေဖြစ်နေတဲ့ ရက်စွဲတွေကို ပြောင်းလဲပေးဖို့ အဓိက လုပ်ရမယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက  ဒီဗွီဘီကို ပြောထားပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကတော့ လွှတ်တော်မှာ ဆွေးနွေးပြဌာန်း ဆောင်ရွက်ဖို့  ဥပဒေကြမ်း ၂၁ ခု ကျန်ရှိနေတယ်လို့ ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024