Home
မြန်မာသတင်း
သီးနှံဈေးမကောင်းသဖြင့် ညောင်လေးပင်မြို့တွင် ရွှေဝယ်ယူမှု နည်းပါး
DVB
·
May 13, 2018
32326714_1874848282807871_4195119412426047488_o
gold3
gold1
gold
32389213_1874848332807866_3728407860653064192_o
  ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်မှာ တောင်သူတွေ သီးနှံဈေး မကောင်းတဲ့ အတွက် ၁ နှစ်လုံးနီးပါး ရွှေဝယ်ယူတာတွေ နည်းပါးလာတယ်လို့ ရွှေဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။ မနှစ်ကစလို့ တောင်သူတွေ ရွေဝယ်ယူမှုနည်းခဲ့တာဖြစ်ပြီး ဒီနှစ်ပိုင်းမှာ ရွှေဝယ်ယူစုဆောင်းတာတွေဟာ ပိုမိုနည်းပါးလာတယ်လို့ဆိုပါတယ်။ ညောင်လေးပင်မြို့နယ်ရဲ့ အဓိကစီးပွားရေးဟာ စိုက်ပျိုးရေးဖြစ်ပြီး စပါး၊ ပဲ၊ ဖရဲနဲ့ ဆောင်းသီးနှံကို အားထားစိုက်ပျိုးကြတာကြောင့် ရာသီဥတု ဖောက်ပြန်မှုနဲ့ ဈေးကွက်အခြေနေ မကောင်းတာတွေ ကြုံလာတဲ့အခါ အခုလိုရွှေဝယ်ယူစုဆောင်းမှု နည်းပါးလာရတာဖြစ်ပါတယ်။ ရွှေကျင်ရွှေဆိုင် ဦးရဲမျိုးကျော်က “အရောင်းအဝယ်က လာပေါင်တာနဲ့ လာပြန်ရောင်း ကြတာတွေက များနေပါတယ်။ မနှစ်ကလည်း ပါးတာပဲ။ ဒါပေမယ့် ဒီနှစ်က ပိုပါးသွားတယ်။ အဓိကက သီးနှံဈေး မကောင်းတာပေါ့။ လယ်သမားတွေက အဆင်မပြေကြဘူးလေ။ ပဲဈေး၊ ဖရဲဈေးက မကောင်း၊ ဝယ်လက်က မရှိ၊ ရာသီဥတုက ဖောက်ပြန်ဆိုတော့ တောင်သူတွေ ရွှေကို လာမလုပ်နိုင်ကြတာ ဖြစ်တယ်”လို့   ဒီဗွီဘီကိုပြောပါတယ်။ ခုချိန်မှာ လာလုပ်ကြတဲ့သူအများစုဟာ မြို့ပေါ်က လူတချို့နဲ့ ကျေးလက်တောရွာတွေ ကနေ နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီးနောက်ပိုင်း ပိုက်ဆံပြန်ပို့ပေးနိုင်တဲ့ မိသားစုတွေ လောက်သာ လာလုပ်နိုင်ကြတာလို့လည်း ဆိုပါတယ်။ ညောင်လေးပင်မြို့ရဲ့ ကုန်စည်းစီးဆင်းမှုနဲ့ ဈေးကွက်စီးပွားရေး အခြေအနေဟာ ကျေးလက်တောရွာတွေကို အဓိကအားထာပြီး ရောင်းချနေရတာကြောင့် တောင်သူတွေ အဆင်မပြေဖြစ်ပါက မြို့ပေါ်လုပ်ငန်းရှင်တွေအထိပါ လာရောက်ထိခိုက်နေတာတာလည်း ဖြစ်ပါတယ်။ ညောင်လေးပင်မြို့မှာ ရွှေဆိုင် ၁၅ ဆိုင်လောက်ရှိပြီး ဒီနေ့ မေလ ၁၃ ရက်နေ့ ရွှေပါက်ဈေးနှုန်းဟာ ၁၆ ပဲရည်ကို ၉ သိန်း ၄ သောင်းတစ်ထောင်နဲ့ ၁၅ ပဲရည်ကို ၈ သိန်း ၈ သောင်း ၇ထောင် ပေါက်ဈေးရှိနေကာ ကမ္ဘာ့ရွှေဈေးနှုန်း ၁၃၁၈ ဒေါ်လာ ပေါက်ဈေး ရှိတယ်လို့လည်း သိရပါတယ်။   သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024