ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဂူတောင်ကျေးရွာမှာ ဒီလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူ ၁၂ ဦးသေဆုံးခဲ့တယ်လို့ စစ်တွေအခြေစိုက် ပြည်နယ်တည်ငြိမ်မှု ပူးပေါင်းထိန်းသိမ်းရေးဗဟိုအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောပါတယ်။
“ရသေ့တောင်က ၁၉ ရက်နေ့ ဖြစ်စဉ်နဲ့ ဆုံးတာက ၁၀ ယောက်လို့ ပြောတယ် ရခိုင်ဘက်က။ နောက် မူဆလင်ဘက်က ၂ ယောက်လို့ပြောတယ်။ အခုတော့ အခြေအနေကောင်းသွားပါတယ်။ အဲဒီကို ကျနော်တို့ ဒီကအဖွဲ့တွေ ရိက္ခာပို့လည်း သွားကြပါတယ်။”
ဘယ်လိုက စပြီးဖြစ်တယ်ဆိုတာ စုံစမ်းဖော်ထုတ်ဆဲပဲလို့ ဦးဝင်းမြိုင်က ဆိုပါတယ်။
ရခိုင် ၁၀ ဦးနဲ့ ဘင်္ဂါလီ ၂ ဦး သေဆုံးမှုဟာ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မီးရှို့မှုတွေကြောင့် နောက်ဆုံးသေဆုံးမှုဖြစ်သလို အရေးပေါ်အခြေအနေအောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မေ ၂၈ ကနေ ၁၄ ရက်အတွင်းမှာ ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကြောင့် လူပေါင်း ၅၀ သေဆုံးပြီး ၅၄ ဦး ဒဏ်ရာရတယ်လို့ အစိုးရက ကြေညာခဲ့ပြီးတဲ့နောက် လူ ၁၂ ဦး ထပ်မံသေဆုံးမှု ဖြစ်ပါတယ်။
ရသေ့တောင်မြို့နယ် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးမောင်လှမြင့်ကတော့ ၁၉ ရက်နေ့က အခင်းဖြစ်ပွားမှုကြောင့် ရခိုင် ၁၀ ဦးနဲ့ ဘင်္ဂါလီ ၂ ဦး သေဆုံးခဲ့ရပြီး ဒီနေ့မနက်မှာ ရခိုင်အလောင်း ၉ လောင်းကို ဘင်္ဂါလီရွာသားတွေလက်ကနေ ပြန်လည်ရရှိခဲ့တယ်လို့ ပြောပါတယ်။
အဲဒီနေ့က ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်စပ် ပတ်သက်တယ်လို့ ယူဆရသူတွေကို ရဲနဲ့တပ်က ဖမ်းဆီးနေတာ ၃၀ ခန့်ရှိနေပြီလို့ ပြောပါတယ်။
ဖြစ်တဲ့ရက်က ရခိုင်အလောင်း ၁ လောင်းသာ ပြန်ရခဲ့ပြီး ဒီကနေ့မနက်ကျမှ ကျန်အလောင်းတွေ ပြန်ရတာဖြစ်ပါတယ်။ ဒီနေ့ခင်းမှာ ၉ လောင်းကို ဂူသွင်းသင်္ဂြိုဟ်ဖို့ ပြင်နေတယ်လို့ သရဏဂုဏ်တင်ပေးတဲ့ ဂူတောင်ရွာ မြောက်ကျောင်းဆရာတော်က မိန့်ပါတယ်။
“ဒီမနက်ကျမှ ထပ်ပြီးတော့ ၉ လောင်းရတယ်ဆိုတာက အဲဒီ ဘင်္ဂါလီတွေက ကျဆုံးသွားတဲ့ ရခိုင်တွေကို အတင်းရွာထဲကို ရွှေ့သွားပြီးတော့ မြေမှာ ဝှက်ထားကြတယ်လေ။ မြေကို လှန်ပြီးတော့ တူးယူကာမှ ရတာ။ အဲဒီ ၉ လောင်းကို ဘုန်းကြီးတို့ အခု မကြာမီအတွင်းမှာ သရဏဂုဏ် တင်ပြီးတော့ ဂူသွင်းသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။”
ရခိုင်ပြည်နယ်မှာ မေလကုန်ကနေ လက်ရှိကာလအထိ ဖြစ်ပျက်ခဲ့တဲ့ အခင်းတွေကြောင့် လူထောင်သောင်းချီ အိုးပစ်အိမ်ပစ်ထွက်ပြေးကြသလို အိမ်ခြေထောင်ချီပြီး မီးရှို့ခံခဲ့ကြရပါတယ်။
ရခိုင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ အေးချမ်းစပြုနေပြီ၊ လုံခြုံရေးအင်အား ရှိပါတယ်လို့ ရှင်းလင်း ပြောဆိုခဲ့ပါသေးတယ်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေတာတွေနဲ့ ပတ်သက်လို့ နိုင်ငံတော် သမ္မတကလည်း ဒုတိယပြည်ထဲရေးဝန်ကြီး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တာဝန်ပေးအပ်ထားပြီး အဲဒီအဖွဲ့ဟာ ဒီလကုန် နောက်ဆုံးထားပြီး သမ္မတထံ အစီရင်ခံကြရမှာ ဖြစ်ပါတယ်။










