ကချင်စစ်ပွဲ ကရင်နီပြည်သူများ ကန့်ကွက်ဆန္ဒထုတ်ဖော်
DVB
·
May 12, 2018
မြန်မာ့တပ်မတော်က ကချင်ပြည်နယ်ကို ထိုးစစ်ဆင်နေတဲ့အပေါ် ကရင်နီပြည်သူတွေက ဒီကနေ့ ကန့်ကွက်ဆန္ဒထုတ်ဖော်နေကြပါတယ်။
ဒီဆန္ဒထုတ်ဖော်ပွဲမှာ ကရင်နီပြည်သူ ၂၀၀ လောက်ပါဝင်ပြီး ဒီးမော့ဆိုမြို့ကနေ လွိုင်ကော်မြို့ပေါ်အထိ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်နေကြတာပါ။
ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်တဲ့ ကိုဖိလစ်စိုးအောင်က “ကျနော်တို့ အခုလို ဆန္ဒထုတ်ဖော်တာဟာ ကရင်နီပြည်သူလူထုတွေက လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ပိတ်မိနေတဲ့ ကချင်ပြည်သူတွေ လွတ်မြောက်ဖို့ကို ကျနော်တို့ လုပ်ရှားနေတာဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပဲ ကချင်ပြည်သူ လွတ်မြောက်ဖို့ လုပ်ရှားနေတဲ့ ကချင်လူငယ်တွေ၊ မြန်မာတနိုင်ငံလုံးက လူငယ်တွေနဲ့ တသားတည်းရှိတယ်ဆိုတာကို ကျနော်တို့ ပြသတာပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလိုလားလို့ ကျနော်တို့ ချီတက်လမ်းလျှာက်တာဖြစ်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာ့တပ်မတော်ဟာ တိုင်းရင်းသားဒေသကို ထိုးစစ်ဆင်နေတာ နှစ်ပေါင်း ၇၀ ကျော်ရှိ ပြီဖြစ်သလို ထိုးစစ်တွေ ရှိနေရင် ပြန်လည်ခုခံစစ်တွေ ရှိနေမှာဖြစ်ပါတယ်။ တိုက်ပွဲတွေကြားမှာ မြေဇာပင်တွေဖြစ်ရတာ ပြည်သူတွေဖြစ်ပါတယ်လို့ ကိုဖိလစ်စိုးအောင်က ပြောပါတယ်။
ဆန္ဒထုတ်ဖော်သူတွေက စစ်ပွဲကြား ပိတ်မိ ကချင်ပြည်သူများလွတ်မြောက်ရေး၊ တပ်မတော်က ထိုးစစ်ဆင်နေမှု အမြန်ဆုံးရပ်တန့်ရေး၊ တရားစွဲဆိုခံထားရတဲ့ ကျောင်းသားလူငယ်များလွတ်မြောက်ရေးစတာတွေကို တောင်းဆိုနေကြပါတယ်။
လွိုင်ကော်မြို့ပေါ်မှာတော့ လွတ်လပ်ရေးကျောက်တိုင်အနီးနဲ့ ဗဟိုဈေးနေရာတွေမှာ ဆန္ဒထုတ်ဖော် ဟောပြောကြမှာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - ခွန်းတူးတူးလေး