မွန်တိုင်းရင်းသားကိုယ်စားပြုပါတီဖွဲ့နိုင်ရေး မွန်နိုင်ငံရေး ညီလာခံကျင်းပ
DVB
·
May 12, 2018
မွန်တိုင်းရင်းသားတရပ်လုံးကို ကိုယ်စားပြုပါတီဖွဲ့စည်းနိုင်ဖို့ ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ဆွေးနွေးအတည်ပြုမယ့် ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ဗိမာန်မှာ ကျင်းပနေပါတယ်။
မေ ၁၂ ရက်နေ့က ၁၄ ရက်နေ့အထိ ၃ ရက်တာ ကျင်းပသွားမှာဖြစ်ပြီး မွန်သံဃာတော်တွေ၊ မွန်တိုင်းရင်းသားကိုယ်စားလှယ် ၆၀၀ ဝန်းကျင်က ဆွေးနွေးအတည်ပြုသွားမှာဖြစ်ပါတယ်။
အခုကျင်းပနေတဲ့ ဒုတိယအကြိမ် ညီလာခံမှ ပါတီဖွဲ့စည်းပုံ အခြေခံစဉ်းမျဉ်းကို အတည်ပြုပြီး ပါတီပေါ်ပေါက်လာရေးအတွက် ဆက်လက် အကောင်ထည်ဖော်ရဦးမှာဖြစ်ပါတယ်။
ပထမအကြိမ် မွန်နိုင်ငံရေး ညီလာခံကိုတော့ အခုနှစ်စောပိုင်း ဇန်နဝါရီလက ကျင်းပခဲ့ပြီး အဆိုပါ ညီလာခံကနေ နောက် ၆ လအတွင်း မွန်အမျိုးသား ကိုယ်စားပြုပါတီ ပေါ်ပေါက်လာဖို့အတွက် အတည်ပြုဆွေးနွေးထားခဲ့ပြီးဖြစ်ပါတယ်။
လက်ရှိမှာတော့ မွန်တိုင်းရင်းကိုယ်စားပြုပါတီတွေကတော့ ရှိနေပြီးသား ပါတီတွေဖြစ်တဲ့ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နဲ့ အမျိုးသမီးပါတီ (မွန်) ဆိုပြီး ပါတီ ၃ ခုရှိနေပြီးသား ဖြစ်ပါတယ်။
အခုညီလာခံရဲ့ ဆုံးဖြတ်ချက်တွေအရ မွန်တိုင်းရင်းသားကိုယ်စားပြုပါတီ ထပ်မံ ပေါ်ပေါက်လာပါက မွန်တိုင်းရင်သားအခြေပြုပါတီ ၄ ပါတီ ဖြစ်လာဖို့ ရှိနေပါတယ်။