မူဆယ်ကစားဝိုင်းကို လက်နက်ကိုင်အဖွဲ့ ပစ်ခတ်၊ ၁၇ ဦးသေဆုံး (ရုပ်သံ)
DVB
·
May 12, 2018
မူဆယ်မြို့မှာ ဒီနေ့မနက်ပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တခုက ကစားဝိုင်းကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး သေဆုံး ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ မူဆယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမြင့်လွင်က ပြောပါတယ်။
“ကျနော်တို့က အဲဒီနားကို သွားလို့မရသေးဘူး။ မနက် အစောပိုင်း ၅ နာရီခွဲလောက်က မူဆယ်မြို့စွန်က ကစားဝိုင်းကို ဝင်ပစ်တာ။ အဲဒီနားမှာတော့ စစ်တပ်လုံခြုံရေးတွေ ရှိနေပြီပေါ့။ မြို့ထဲမှာတော့ မရှိပါဘူး။ ဈေးကလည်း တချို့ဖွင့်တယ်၊ တချို့ကတော့ ပြန်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
တိုက်ပွဲတွေကြောင့် သေဆုံးဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ ကရုဏာ လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသောင်းထွန်းကတော့ လူ ၁၇ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၈ ယောက် ရှိတယ်လို့ ပြောပါတယ်။
“အားလုံး ၁၇ ယောက် သေတယ်။ ဒုရဲအုပ် တယောက် အပါအဝင် ယောက်ျားလေး ၁၅ ယောက်၊ မိန်းကလေး ၂ ယောက်ပါ။ နောင်ရမ်း စက်လှေဂိတ်မှာတင် ၁၃ ယောက်သေတယ်။ ပန်ခမ်းဂိတ်မှာလည်း သေတယ်။ သေနတ်နဲ့ ပစ်ခံရလို့ပါ။” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဝင်ရောက်တိုက်ခိုက်တဲ့ လက်နက်ကိုင်အဖွဲ့က ဆုတ်သွားပြီလို့လည်း သူက ဆိုပါတယ်။ ဒဏ်ရာရသူ ၈ ယောက်ကိုလည်း ဆေးရုံပို့ထားတယ်လို့ သိရပါတယ်။
ကစားဝိုင်းကို ဘယ်လက်နက်ကိုင်အဖွဲ့က ၀င်ရောက်ပစ်ခတ်တယ်ဆိုတာ ဒီဗွီဘီက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
တအာင်းလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) က ထုတ်ပြန်ချက်မှာတော့ မူဆယ်မြို့-နမ့်ခမ်းကားလမ်းမ နမ့်ပေါ်ပန်ခမ်းတံတားနဲ့ စယ်လန့်ရွာထိပ်တပ်စခန်း မူဆယ်-လားရှိုးလမ်းမပေါ်ရှိ နမ့်ပေါ်တံတားမှာ တီအန်အယ်လ်အေနဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တအာင်းပြည်နယ်အတွင်း အစိုးရတပ်ရဲ့ တပ်အင်အားအဆမတန်ဖြည့်တင်းမှု၊ ကချင်ပြည်နယ်အတွင်း မဟာမိတ် ကေိုင်အေနဲ့ တိုက်ပွဲ ပြင်းထန်မှုကြောင့် အခုလို အသေးစား စစ်ဆင်ရေး ပြုလုပ်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။