DVB Logo
Home
မြန်မာသတင်း
တရားမ၀င် တရုတ် စားသုံးဆီများ ကျန်းမာရေးထိခိုက်နိုင်
DVB
·
June 21, 2012
တရားမ၀င် တရုတ် စားသုံးဆီများ ကျန်းမာရေးထိခိုက်နိုင်
Donate to DVB

တရုတ်နိုင်ငံကနေ တရားမ၀င် တင်သွင်းလာတဲ့ စားသုံးဆီတွေဟာ ကျန်းမာရေး ထိခိုက်နိုင်ပြီး အများပြည်သူ စားသုံးရန် မသင့်တဲ့အကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသကို တဖက်နိုင်ငံမှ တရားမ၀င် လိုင်စင်မဲ့ စာသုံးဆီတွေ ၀င်လာတဲ့အတွက် သက်ဆိုင်ရာ ဌာနတွေက စိစစ်ခဲ့ရာမှာ ဒီဆီတွေဟာ ဆီစက်တွေက ထွက်တဲ့ ဘေးထွက်ဆီတွေ နဲ့ ကြော်ပြီး ဆီတွေကို အအေးခံစုစည်းကာ ပြန်သန့်စင်ချက်လုပ်ထားတဲ့ ဆီတွေဖြစ်ကြောင်း ပဲဆီအနံ့ထွက်တဲ့ အရည်တမျိုး ရောစပ်ပြီး ပဲဆီအဖြစ်ရောင်းချနေတာလို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဓာတ်ခွဲစမ်းသပ် စစ်ဆေးချက်အရ ဒီဆီတွေဟာ ဘယ်စားသုံးဆီ အမျိုးအစားနဲ့မှ ကိုက်ညီမှုမရှိတာ ကို တွေ့ရှိရပြီး စားသုံးမိရင် အနှေးနဲ့အမြန် ကျန်းမာရေး ထိခိုက်လာနိုင်တဲ့အတွက် လုံးဝ မစားသုံးကြဖို့လည်း ကျန်းမာရေးဌာနက နိုင်ငံပိုင် မီဒီယာတွေကနေတဆင့် သတိပေးထားပါတယ်။

ဒါပေမယ့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာတော့ တရုတ်နိုင်ငံက တရားမ၀င်တင်သွင်းလာတဲ့ စားသုံးဆီတွေကို ဈေးတွေမှာ ရောင်းချမှုတွေ ရှိနေဆဲဖြစ်ပြီး ဈေးသက်သာတဲ့အတွက် ၀ယ်ယူ သုံးစွဲမှုတွေ ရှိနေတုန်းပဲလို့ လားရှိုးမြို့ခံ အမျိုးသမီး တဦးက ပြောပါတယ်။

“ဈေးထဲမှာ အခု အများကြီးပဲ။ ဒီဆီတွေပဲ သုံးနေတာ လားရှိုးကလေ။ သူက တပုံးမှ ၂ သောင်းလောက် ပဲ၊ ပုံးအဝါနဲ့ လာတာ တံဆိပ်မရှိဘူး။ ဟိုတခေါက်တုန်းက ကျမတို့တောင်မှ သုံးမိသေးတယ်။ အဲဒါ တရုတ်ပြည်က လာတာလေ။ အစသုံးတော့ ဘာမှမဖြစ်ဘူး၊ ပြုတ်တဲ့အချိန် သူကို ဆီတည်တဲ့အချိန် အနံ့က အရမ်းဆိုးတယ်။ ကျမတို့ မသုံးတော့ဘူး အဲဒါနဲ့။”

တရုတ်နိုင်ငံမှာ မသုံးတဲ့ ဒီစားသုံးဆီတွေကို ကုန်သည်တွေက နယ်စပ်က ၀န်ထမ်းတွေကို ပိုက်ဆံပေးပြီး မြန်မာနိုင်ငံကို တင်သွင်းလာခဲ့ကြတာလို့ တရုတ်-မြန်မာ နယ်စပ်က ကုန်သည် တဦးက ပြောပါတယ်။

“သွင်းတယ်ဆိုတာ အဓိကကတော့ နယ်စပ်ဂိတ်ကနေ ပြီးတော့မှ ၁၀၅ မိုင်ဖြတ်၊ ၁၀၅ မိုင်က လက်ခံရင် သူတို့ ဝင်လို့ ရတာကိုး။ အဆင့်ဆင့် ဂိတ်တွေက လက်ခံလို့ ဝင်သွားတာပေါ့။ ဝန်ထမ်းတွေကို ငွေပေးပြီးတော့ သွင်းလိုက်တဲ့ အတိုင်းအတာမှာ ဒါတွေက ပြည်တွင်း ကို ရောက်သွားတာပဲလေ။ တရုတ်ပြည်မှာတော့ လုံးဝသုံးစွဲခွင့် မရှိတဲ့ဟာတွေပေါ့။ မြန်မာပြည်နဲ့ တရုတ်ပြည်နဲ့ မတူတာက နယ်စပ်မှာ ကျန်းမာရေးဌာန ဆိုတာရှိတော့ တရုတ်က စစ်ဆေးပြီးမှ အသွင်းခံတာ။ မြန်မာပြည်ကျတော့ အဲဒီလို မဟုတ်တော့ဘူး။ ပစ္စည်းသွင်းတဲ့ ကုန်သည်ကနေ ပြီးတော့မှ ဒီကားပေါ်မှာ ကျမ ဒါတွေဒါတွေ ထည့်ထားတယ် ဆိုပြီးတော့၊ ဒီကားအတွက် ဘယ်လောက်ပါ ဆိုပြီးတော့ ပေးလိုက်လို့ရှိရင် မစစ်ဆေးတော့ဘူး။ ဒီပစ္စည်းတွေက ပြည်သူလူထုကို အန္တရာယ်ရှိလား မရှိလားဆိုတာ မစစ်ဆေးတော့ဘူး။ အဲဒါတွေကနေ အခု မန္တလေးတို့၊ တောနယ်ဒေသတွေ ရောက်ကုန်တာပေါ့။”

မြန်မာ ဓာတုဗေဒကျွမ်းကျင်သူ ဒေါက်တာ ခင်မောင်ညိုကတော့ ဒီဆီတွေဟာ အန္တရာယ်ကြီးမားတဲ့ အကြောင်းနဲ့ သက်ဆိုင်ရာက ကြေညာချက်ထုတ်ပြန်ရုံနဲ့ မလုံလောက်ဘဲ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

“ဆီကတော့ ကိုလက်စ်ထရောများပြီးတော့ လူတွေ သွေးတိုးမယ်၊ သွေးကြောတွေပိတ်မယ်၊ ကိုယ်လက် အင်္ဂါတွေ မလှုပ်နိုင်တာတွေ ဖြစ်မယ်၊ လေဖြတ်တဲ့ဟာမျိုးတွေ ဖြစ်နိုင်တယ်ပေါ့၊ အများကြီး အန္တရာယ် ဆိုးကျိုးတွေ ရှိတယ်။ နှလုံးပါ ပိတ်ရင်တော့ သေနိုင်တယ်ပေါ့။ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (အက်ဖ်ဒီအေ) ကနေ အသေချာ စစ်ဆေးပြီးတော့ လူတွေကို ပညာပေးမှ ရမှာပေါ့။ သွင်းတဲ့လူက စပြီးတော့ အကြီးအကျယ်အပြစ်ပေးပြီးတော့ ဖမ်းရမှာပေါ့ ပထမဆုံးက။ ပြည်သူလူထုလည်း သေသေချာချာ တိတိကျကျ သတင်းပေးရမှာပေါ့နော်။ သတင်းပေးထားရင်တော့ ပြည်သူက မစားပါဘူး။ အခုက ကျနော်တို့ သာမန်ပြည်သူ ဘယ်သူမှ မသိကြဘူးလေ။ အဲဒီတော့ နည်းနည်းပါးပါး ဝယ်စားတဲ့ လူကလည်း ဒီအတိုင်းပဲ ပါသွားမှာ။ မစားဖို့ နှိုးဆော်ထားတဲ့အပြင်ကို တကယ့်တကယ် ဘယ်နေရာမှာ ရောက်နေပြီ၊ ဘယ်ဟာတွေ ရောက်နေပြီဆိုပြီး ပြည်သူကို သတိပေးထားရမှာပေါ့။”

မြန်မာနိုင်ငံမှာ ပြည်တွင်း စားသုံးဆီ လိုအပ်ချက်ကြောင့် ပြည်ပကနေ ပုံသဏ္ဌာန်မျိုးစုံနဲ့ စားသုံးဆီတွေ တင်သွင်းကြရာကနေ အခုလို ကျန်းမာရေးထိခိုက်နိုင်တဲ့ ဆီတွေ မြန်မာလူထု အကြား ရောက်ရှိလာတာဖြစ်ပါတယ်။

အရင်ကလည်း စားသုံးရန်မသင့်တဲ့ စားအုန်းဆီတွေ မြန်မာနိုင်ငံထဲကို တင်သွင်းလာမှုနဲ့ စားအုန်းဆီ ကို ဆပ်ပြာမှုန့်ရောကျိုကာ ပဲဆီအနံ့သွင်းပြီး ပဲဆီအဖြစ် ရောင်းချမှုတွေ ရန်ကုန်မြို့မှာ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013